“သူ”  သည်လမ်းကလေးသို့ ညနေတိုင်းလိုလို ရောက်ဖြစ်နေခဲ့သည်။

ရောက်ဖြစ်နေရခြင်းမှာ သည်လမ်းကလေးရှိ ကိုးထပ်အဆောက်အအုံအတွင်း ဖွင့်ထားသော ကွန်ပျူတာအရောင်းဆိုင်တွင် အလုပ်ဝင်နေသော ချစ်သူကို   နေ့စဉ် စောင့်ကြိုနေရ၍ ဖြစ်သည်။ သူ့ကုမ္ပဏီ ရုံးဆင်းချိန်မှာ ငါးနာရီခွဲ   ဖြစ်သည်။ ကုမ္ပဏီနှင့် ကွန်ပျူတာအရောင်းဆိုင်မှာ လမ်းလျှောက်သွားလျှင် မိနစ်နှစ်ဆယ်လောက်သာ ဝေးသောကြောင့် ထိုလမ်းကလေးဆီသို့ ညနေ   ခြောက်နာရီ ပတ်ဝန်းကျင်လောက်ဆိုလျှင် သူရောက်နေမြဲပင်။

သူ့ချစ်သူ အလုပ်ဆင်းချိန်မှာ ညခုနှစ်နာရီဖြစ်သည်။ ထို့ကြောင့် ကိုးထပ်အဆောက်အအုံ၏ မျက်နှာချင်းဆိုင် တိုက်တန်းရှေ့ ပလက်ဖောင်းရှိ လမ်းဘေး လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ လမ်းမပေါ် သွားလာနေသူများကို   ငေးကြည့်ရင်း ချစ်သူ ရုံးအဆင်းကို နေ့စဉ်   စောင့်ဖြစ်ခဲ့သည်။

ရက်ဆက်လာသောအခါ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နှင့်ပင် မျက်မှန်းတန်းပြီး ခင်ခင်မင်မင် ဖြစ်လာသည်။ သည်လမ်းကလေးသို့ ပုံမှန် အမြဲတမ်း   ဖြတ်သန်းနေသူများနှင့် တစ်ခါတစ်ရံမှ ရောက်လာတတ်သူများကိုလည်း သူ ခွဲခြားသိရှိလာသည်။

လမ်းလေးထိပ်တွင် ညနေဘက် ဈေးတန်းလေး ရှိနေခြင်းသည်လည်း သည်လမ်းကလေးသို့ လူအ၀င်အထွက် များစေခြင်း အကြောင်းတစ်ခုပင်   ဖြစ်သည်။ သူ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၏ ရှေ့ဘက်တွင် တည်းခိုခန်း နှစ်ခန်း ဖွင့်ထားသည်ကိုလည်း တွေ့ရသည်။ ကွန်ကရစ်လမ်း ခင်းနေသဖြင့် ကားများနှင့် လမ်းလျှောက်သူများ လမ်း၏ တစ်ဘက်ခြမ်းကသာ သွားနေရသဖြင့် ကားသံလူသံများ ပိုမို ဆူညံနေသလို ဖြစ်နေ၏။

လက်ဖက်ရည်ဆိုင်ဘက်ခြမ်းမှ လမ်းတစ်ခြမ်း ပြီးစီးသွားသဖြင့် တစ်လမ်းမောင်း လမ်းကလေးမှာ ကွန်ကရစ်မျက်နှာပြင်လေးဖြင့် လှပသလိုပင် ဖြစ်နေသေးသည်။ သူ့ စိတ်ထဲတွင် လမ်းကလေး၏ အဆင်အပြင်မှာ သပ်ရပ်မှုနှင့် ရှုပ်ထွေးမှုနှစ်မျိုး   ရောယှက်ထားပုံမျိုး ဖြစ်နေသည်ဟု ထင်မြင်မိသည်။

လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း လမ်းထိပ် ဈေးတန်းဘက်သို့ လှမ်းအကြည့်၊ ဈေးတမ်းလေးဘက်သို့ လမ်းကြောင်းမှန်အတိုင်း တွန်းဝင်လာသော ဈေးလှည်းတစ်စီးကို တွေ့လိုက်ရသည်။ ဈေးလှည်း၏ မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ဘက်မှလည်း တန်ဖိုးကြီး ကားတစ်စီး   မောင်းဝင်လာသည်။

တစ်လမ်းမောင်းဖြစ်သဖြင့် ဈေးလှည်းမှာလမ်းကြောင်းမှန်ဘက်က ဖြစ်ပြီး၊ ဤတစ်လမ်းမောင်းလမ်းသို့ ကားကြီးမှာ လမ်းကြောင်းမှားပြီး   မောင်းဝင်လာပုံရသည်။ သူ ဈေးလှည်းနှင့် ကားကြီးအပေါ် စိတ်ဝင်စားပြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို ပြောလိုက်သည်။

“ ဟေ့.. လက်ဖက်ရည်ဆရာ၊ ဟိုမှာ ဈေးလှည်းနဲ့ကား ဘယ်ဘက်က လမ်းဖယ်ပေးမယ် ထင်သလဲ ”

“ ကားကြီး ဖယ်ပေးရမှာပေါ့၊ သူက လမ်းကြောင်းမှားဝင်တာပဲ ”

“ မဟုတ်နိုင်ဘူးနော်၊ ကျွန်တော်ကတော့ ဈေးလှည်းက ဖယ်ပေးရမယ်လိမ့်မယ် ထင်တယ် ”

ကားနှင့်ဈေးလှည်း တဖြည်းဖြည်း နီးလာချိန်တွင် ဈေးလှည်းမှာ လမ်းဘေး ကားနှစ်စီးကြား လွတ်နေသော နေရာထဲသို့ အသာဝင်ရပ်ပြီး   ရှောင်ပေးလိုက်သည်။ ကားကြီးမှာ ဈေးလှည်းရှောင်ပေးလိုက်သော လမ်းပေါ်မှာ အသာအယာပင် ဖြတ်ကျော်သွားသည်ကို တွေ့လိုက်ရသည်။

“ ကိုယ့်ဆရာ၊ ခင်ဗျားအထင် မှန်သွားပြီဗျို့”

လက်ဖက်ရည်ဆရာက ရေနွေးကြမ်းအိုး လာချပေးရင်း သူ့ကို လ၊ှမ်းပြောသည်။ ဈေးလှည်း လက်ဖက်ရည်ဆိုင်အရှေ့မှ အဖြတ်တွင်   ဈေးလှည်းတွန်းသူ၏ မျက်နှာကို သူ လှမ်းကြည့်မိသည်။ လမ်းမှန်အတိုင်း တွန်းလာသော သူ၏ဈေးလှည်းကို လမ်းမှားဝင်လာသော ကားကြီးနှင့်လမ်းမ လွတ်သဖြင့် ရှောင်ပေးလိုက်ရခြင်းအပေါ် မည်သည့်ခံစားချက်မျိုးမှ မရှိသလို   အေးအေးဆေးဆေး ဆက်တွန်းသွားသည်ကို တွေ့လိုက်ရသည်။ သူ့အထင် မှန်ခဲ့မှုအတွက် ပျော်ရွှင်ခြင်း မဖြစ်ခဲ့သည်ကိုတော့ ဘာကြောင့်မှန်း မသိ ကိုယ့်ဘာသာ စိတ်ထဲက သိနေမိသည်။

“ တကယ်ကောင်းတာက ကိုဝိုင်ချိုရဲ့ ဒီကဗျာဗျ၊  ခင်ဗျားဖတ်ကြည့်စမ်း၊ ကဗျာခေါင်းစဉ်က မူလဘူတ တဲ့ ”

တစ်ဘက်စားပွဲဝိုင်းမှ စကားသံများကြောင့် သူ လှည့်ကြည့်မိသည်။ ပုံမှန်ထိုင်နေကျ ဆံပင်ရှည်ရှည်၊ လွယ်အိတ်ကိုယ်စီနှင့်၊ သူနှင့် ရွယ်တူလောက်ရှိမည့် ကဗျာဆရာများဟု ထင်ရသော လူသုံးယောက်ကို   တွေ့လိုက်ရသည်။မဂ္ဂဇင်းတစ်အုပ်မှာ ပါလာသော ကဗျာတစ်ပုဒ်ကို ခံစားနေကြခြင်းဖြစ်သည်။ အလယ်တွင် ထိုင်နေသူမှ အသံထွက်ရွတ်လိုက်သော စာသားများကို သူကြားလိုက်ရသည်။

နုမယ်၊ ရင့်မယ်၊ စွန့်စားမယ်
ညံ့တဲ့တစ်နေ့ သေမယ်
လူ့ဘ၀ဆိုတာ
ပိတ်ကားက ငေးယူရပေရဲ့
ရုပ်ရှင်။     

သူ၏ တစ်ဖက်ဝိုင်းမှ ဖတ်လိုက်သော ကဗျာကဲ့သို့ပင် “လူ့ဘ၀ဆိုတာ ညံ့တိုင်း သေသတဲ့လားဗျာ” ဆိုပြီး မဆီမဆိုင် စိတ်ထဲမှ   ပြောဖြစ်လိုက်သေးသည်။ ငယ်ရွယ်စဉ် ကလေးဘ၀ကပင် ဘ၀ကို ခပ်ညံ့ညံ့   ဖြတ်သန်းခဲ့ရသော သူ့အတွက်တော့ တော်အောင် ကြိုးစားရမည့် နည်းလမ်းများ ရှာရင်း၊ ယခုအချိန်အထိ အသက်ရှင်နေပါလားဟု မဆီမဆိုင် အတွေးများ ဆက်သွားပြန်သည်။ မဟုတ်မဟတ် အတွေးများအတွက်   ခေါင်းခါယမ်းလိုက်ပြီး လက်ဖက်ရည်လက်ကျန်ကို သူ မော့သောက်လိုက်သည်။

“ ဟေ့.. ကိုယ့်ဆရာ ခေါင်းတခါခါနဲ့၊ ဘာတွေဖြစ်နေတာလဲ၊ ဟိုမှာ ကြည့်လိုက်စမ်းပါဦး ”

လမ်းမအလယ်ခေါင်တွင် ထိုင်နေသည့် သည်လမ်းထဲသို့ ပထမဦးဆုံး   ရောက်လာဟန်ရှိသော အရူးကို သည်လမ်းကလေးတွင် အမြဲရှိနေတတ်သော အရူးက ခါးထောက်ပြီး စကားပြောနေသည်ကို လက်ဖက်ရည်ဆရာက သူ့ကို လှမ်းပြခြင်းဖြစ်သည်။ သူထိုင်နေသော လက်ဖက်ရည်ဆိုင် ရှေ့တည့်တည့် လမ်းမပေါ်တွင်ဖြစ်၍ အရူးနှစ်ယောက်၏ အဖြစ်အပျက်များကို သူ   သေသေချာချာ မြင်နေကြားနေရသည်။

“ဟေ့ကောင် လမ်းမအလယ်ကောင်မှာ ထိုင်ရင် ကားတိုက်ပြီး သေတတ်တာကို မင်း မသိဘူးလား၊ နောက်ဆုတ်စမ်း၊ ပြောနေတာ မကြားသလို ပေကပ်ကပ်နဲ့၊ မင်းကို ပြောရတာ ကောက်ညှင်းပေါင်းစားပြီး နှဲမှုတ်ရသလိုပဲ၊ လက်ပေါက်ကပ်လိုက်တာကွာ၊ အေးလေ.. မင်းက ရူးနေတော့ ငါပြောတာ ဘယ်နားလည်ပါ့မလဲ၊ အဲ့ဒါကြောင့် ငါ အရူးတွေနဲ့ စကားမပြောချင်တာ ”

အရူးက အရူးကို ဆရာလုပ်ရသည်ကို ကျေနပ်သည့်ပုံစံဖြင့် ဟန်ပါပါပြောရင်း လမ်းလည်ကောင်ရှိ အရူးကို ဆွဲမပြီး လမ်းဘေးသို့ အတင်းပင်   နေရာရွှေ့ပေးနေသည်။ ထိုင်နေသော အရူးက သူ့ခန္ဓာကိုယ်ကို မရွေ့အောင် အတင်းပင် ပေကပ်ထိုင်နေပြီး ဘာမှပြန်မပြောပေ။ ပြီးမှ မျက်လုံးကို   ပေကလတ် ပေကလတ် လုပ်ပြီး ပြန်ကြည့်ကာ ဘေးနားရှိ သူပိုင်ဆိုင်သည့် အ၀တ်ထုတ်စုတ် အကြီးအသေးများကို လက်ညှိုးထိုးပြလိုက်သည်။

“ အံမယ် ရူးပေမယ့် မင်းက ကိုယ့်ပစ္စည်းကျတော့ သိတတ်သားပဲ၊ ကိုယ့်ပစ္စည်းကို အရမ်းစွဲလမ်းပြီး ရူးတဲ့ ဥစ္စာရူးပဲ ဖြစ်ရမယ်၊ အေးလေ… ဘယ်လိုနည်းနဲ့ပဲ ရူးရူး ငါလိုသူတော်ကောင်းနဲ့ တွေ့မှတော့ မင်းဘာမှ စိတ်မပူနဲ့တော့ ဟုတ်ပလား၊ ဒါပေမဲ့ အခု လောလောဆယ်တော့ ကားတိုက်မခံရအောင် လမ်းဘေးအရင် ရွှေ့ရမယ်၊ ကဲ..ထ..ထ၊ မင်း အထုတ်တွေကို ငါ ကူသယ်ပေးပါ့မယ် ”

သည်လမ်းကလေး၏ အရူးက ပြောလည်းပြော အထုတ်များကို ကူသယ်ပေးရင်း နောက်မှ ရောက်လာသည့် အရူးကို ပြုံးပြလိုက်သည်။ အရူးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သဘောပေါက် နားလည်သွားပုံရ၏။ အ၀တ်စုတ်အထုပ်တွေကို တစ်ယောက်တစ်လှည့် လမ်းဘေးပလက်ဖောင်းဘက်သို့ သယ်သွားသည်ကို တွေ့လိုက်ရသည်။

“ စိတ် တအားလှတဲ့ အကွက်ကို လုပ်သွားလိုက်တာ  လူကောင်းတွေတောင် သူလို စိတ်မျိုး ထားနိုင်မယ်လို့ ကျွန်တော်မထင်ဘူး၊ ခင်ဗျားရော ဘယ်လို ထင်သလဲ ကိုညီငြိမ်းချမ်း ”

“ အေးဗျာ… စိတ်မနှံ့ပေမယ့် လမ်းလယ်ကောင်မှာ အဲ့ဒီအတိုင်း ဆက်ထိုင်နေရင် ကားတိုက်မခံရတောင် အနည်းဆုံးတော့ အဆူအဆဲခံရမှာ၊ အဲဒါကို ဘ၀တူချင်း ကူညီနေတာ၊ ငါမရူးဘူး၊ လူကောင်းကွလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကျွန်တော်တို့လို လူတွေတောင် အတူယူသင့်တယ် ”

ကဗျာဆရာများ ထိုင်နေသော တစ်ဘက်ဝိုင်းမှ အရပ်ရှည်ရှည်လူ၏ အမေးကို၊ ဆံပင်ကောက်ကောက် အသားညိုညိုနှင့် လူက ခေါင်းတညိတ်ညိတ် လုပ်ပြီး   ပြန်ဖြေသံကို သူကြားလိုက်ရသည်။

“ အဲ့ဒီ အရူးနှစ်ယောက်မှာ အတုယူသင့်တယ်လို့ ပြောတာ သည်လမ်းကလေးမှာ အမြဲရှိနေတတ်တဲ့ အရူးကို မဟုတ်လား ”

ကျန်နေသော တစ်ယောက်က ၀င်ပြောလာသဖြင့် သူတို့ သုံးယောက်၏ စကားဝိုင်းသည် သည်လမ်းကလေးရှိ အရူးနှစ်ယောက်မှတဆင့် ရူးခြင်းကောင်းခြင်းများကို လိုအပ်မှုအလိုက် အသုံးချနေကြသော လူတချို့၏ အကြောင်းများဆီသို့ ရောက်သွားသည်။

သူ စိတ်ဝင်စားသော အကြောင်းအရာများ ဖြစ်သော်လည်း ခုနစ်နာရီထိုးဖို့ ငါးမိနစ်သာ လိုတော့သဖြင့် လက်ဖက်ရည်ဖိုးရှင်းရန် လက်ဖက်ရည်ဆရာကို လှမ်းခေါ်လိုက်သည်။ ပိုက်ဆံလာယူရင်း လက်ဖက်ရည်ဆရာက…

“ ကိုယ့်ဆရာ အနီရောင်လေးက ငါးခေါက်တောင် ရှိနေပြီဗျ ”

သူ ယောင်ယမ်းခေါင်းညိတ်ပြရင်း လမ်းမတစ်ဖက်သို့ ကြည့်လိုက်မိသည်။ အနီရောင် ကိုယ်ကျပ်အင်္ကျီဝတ် ကောင်မလေးတစ်ယောက်နှင့်   ယောကျာ်းကြီးတစ်ယောက် တည်းခိုခန်းပေါ်သို့ ရှေ့နောက်ခြားပြီး တက်သွားသည်ကို တွေ့လိုက်ရသည်။ လက်ဖက်ရည်ဆိုင်သည် တည်းခိုခန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသဖြင့် တည်းခိုခန်းသို့ တကူးတက ကြည့်စရာ မလိုဘဲ မြင်နေရခြင်းဖြစ်သည်။ ကောင်မလေး၏ မကောင်းသင့်သော အလုပ်အကိုင် ကောင်းနေပုံကိုလည်း သူ တွေးမိလိုက်သေးသည်။

“ ကျွန်တော်ကတော့ ရိုးနေပြီဗျာ၊ ကောင်မလေးတွေကိုလည်း မှတ်မိနေပြီ၊ သူတို့လည်း အဲ့ဒီလို အလုပ်မျိုး ဘယ်လုပ်ချင်ပါ့မလဲ၊ သူတို့ စားဝတ်နေရေးအတွက် မလွှဲသာမရှောင်သာလို့ လုပ်နေရတာနေမှာပေါ့၊ ဟုတ်တယ်မလား ကိုယ့်ဆရာရဲ့ ”

မလွှဲသာမရှောင်သာလို့ လုပ်နေရတာနေမှာပေါ့ဆိုသော လက်ဖက်ရည်ဆရာ၏ ဟုတ်သလိုလိုနှင့် လုံးဝမဟုတ်သော စကားကို၊ သူ့အနေဖြင့် ပြင်းပြင်းထန်ထန် စိတ်ထဲမှ ကန့်ကွက်လိုက်မိသော်လည်း ရှင်းပြစရာစကား ရှားပါးနေခြင်းကိုတော့ ကိုယ်တိုင်ပင် အားမလိုအားမရ ဖြစ်နေမိသည်။

အရွယ်ရောက်သူတစ်ယောက်အနေဖြင့် မိမိတွင်ရှိသော ကိုယ်ပိုင် အရည်အချင်းကို အသုံးပြု၍ အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်ကိုင်နေသင့်သည်ကို သူ့အနေနှင့် လက်ခံသော်လည်း၊ မလွှဲသာမရှောင်သာ၍ဟူသော အကြောင်းပြချက်ဖြင့် သိက္ခာမဲ့သော အလုပ်မျိုးလုပ်ကာ ဘ၀ကို ရေစုန်မျော အနစ်မွန်းခံနေသည့် သူများအတွက်တော့ စိတ်ထဲ ဘ၀င်မကျမိပေ။

ဘာပြောရမှန်းမသိသော သူ့အတွက် အလုပ်ဆင်းလာသော ချစ်သူကောင်မလေး၏ ထမင်းချိုင့်လေးမြှောက်ကာ လှမ်းခေါ်သံကြောင့် လက်ဖက်ရည်ဖိုး ရှင်းရင်း အမြန်ထလိုက်သည်။

မောင်နှမလေးယောက်တွင် အကြီးဆုံးသမီးအဖြစ် မိသားစု စားဝတ်နေရေးအတွက် သိက္ခာရှိသော အလုပ်ကို လုပ်ကိုင်ရင်း ဘ၀ကို သန့်ရှင်းဖြူစင်စွာ ဖြတ်သန်းနေရသည့် ချစ်သူ၏လက်ကို သူ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လိုက်သည်။

သည်လမ်းကလေးသို့ ချစ်သူကို ကြိုနေရသမျှ လာနေရမည်ဖြစ်ပြီး သည်လမ်းကလေး၏ သပ်ရပ်မှုနှင့် ရှုပ်ထွေးမှုတို့ ရောယှက်နေသော ဇာတ်လမ်းပေါင်းများစွာကိုလည်း သူ မလွဲမသွေ   တွေ့ကြုံနေရပေမည်သာ   ဖြစ်သည်။

(မဟေသီမဂ္ဂဇင်:၊အမှတ် ၃၂၃၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်)

 

ညိုရင့်
AMK Creation