“ယောက်ျားလေး”

ဓာတ်မှန်ခန်းထဲက ထွက်လာတဲ့ ဇနီးသည်ရဲ့ အသံတိတ် နှုတ်ခမ်းလှုပ်ပြောလိုက်တဲ့ အက်ထရာဆောင်းအဖြေကို သိလိုက်ရချိန်မှာတော့ ကြည်နူးပီတိစိတ်တွေဟာ ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသလို ခံစားလိုက်ရပါတော့တယ်။ “ကိုယ်တို့နှစ်ယောက်ရဲ့ ပထမဦးဆုံးရလာမယ့် ရင်သွေးလေးကို သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ချစ်နေနိုင်တာပဲကွယ်” လို့ ဇနီးသည်ကိုပြောခဲ့ပေမယ့် သားလေးမွေးရင် ပိုကောင်းမှာဆိုတဲ့ အတွေးလေးကတော့ ကျွန်တော့်ရဲ့ မသိစိတ်ထဲ ရှိနေခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအစဉ်အဆက်က မိန်းကလေးပိုများတော့ ညီ၊ ညီမ ၀မ်းကွဲတွေ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရှိရင်လည်း အားလုံးက ယောက်ျားလေး   မွေးစေချင်ကြတာ သိပ်အဆန်းတော့ မဟုတ်ခဲ့ပါဘူး။

နောက်… ကျွန်တော် အိမ်ထောင်ကျပြီး ဇနီးသည် ကိုယ်ဝန်ရှိလာချိန်မှာ “သားကြီး မင်း မိန်းမ ယောက်ျားလေး မွေးရင်ကောင်းမယ်” လို့ ပြောတဲ့ အဖေ၊ အမေရဲ့မြေးယောက်ျားလေး လိုချင်တဲ့ ချင်ခြင်းကို ဖြည့်ပေးနိုင်လို့ ၀မ်းသာမိတဲ့ စိတ်ကြောင့် ဇနီးသည်ကို လက်တွဲပြီးဆေးခန်း အပြင်က အငှားကားနဲ့ အမေတို့အိမ်ဘက် မောင်းခိုင်းလိုက်မိတယ်။။ အဖေနဲ့အမေကို ကျွန်တော့်ရဲ့ ရင်သွေးလေးဟာ သားလေးဖြစ်ကြောင်း ပြောချင်နေပြီလေ။ အကြောင်းသိဇနီးသည်က. . .

“အိမ်ကို အရင်မပြန်ဘဲ အဖေနဲ့အမေကို ရွှေရည်ဗိုက်ထဲက ကလေးလေးဟာ သားယောက်ျားလေး   ဖြစ်ကြောင်း ကြွားမလို့ မဟုတ်လား၊ ကြွားချင်တာလည်း ကြွားခွင့်ရှိပါတယ်၊ ဒါပေမယ့် စပ်ဖြီဖြီးဖြစ်နေတဲ့ ကျောက်ကျောရေပက်ရုပ်ကြီးကို နည်းနည်း ကြည့်ကောင်းအောင် မျက်နှာပိုးလေး သတ်လိုက်ပါဦး”

အပျော်လွန်နေတဲ့ ကိုယ့်အတွက် ဇနီးသည်ရဲ့ ကျီစယ်စကားကို ဘာမှ ပြန်မပြောဖြစ်ပဲ အသံထွက်အောင် တဟားဟား အော်ရယ်မိလိုက်တယ်။ ကိုယ့်ကို မျက်နှာပိုးသတ်ခိုင်းတဲ့ ဇနီးသည်ကလည်း ကိုယ့်ရယ်သံကိုကြားပြီး အတူလိုက်ရယ်တော့ အငှားကားမောင်းတဲ့ ဆရာကြီးက နောက်ခန်းဘက် လှည့်ကြည့်ပြီး ပထမဦးဆုံးရင်သွေးလေးနဲ့ တူတယ်ဆိုတဲ့ မှတ်ချက်စကားနဲ့ ပြုံးနေလေရဲ့။

ကိုယ်လည်း ကားဆရာကြီးကို ပြန်ပြုံးလိုက်ရင်း ပခုံးပေါ် ခေါင်းမှီထားတဲ့ ဇနီးသည်ရဲ့ လက်ကလေးကို အသာဆုပ်ကိုင်ထားလိုက်မိတယ်။ ကိုယ့်အတွေးထဲမှာ လူ့လောကထဲကို   ရောက်လာတော့မယ့် သားကို စိတ်ထဲကနေမှန်းပြီး စကားတွေ ပြောရင်း အဖေ့ကို သတိရလိုက် တယ်။ အဖေပြောပြခဲ့တဲ့ ကျွန်တော့်ကို မွေးခဲ့တဲ့နေ့ အဖြစ်အပျက်ကိုလည်း ပြန်ပြီး ကြားယောင် နေမိပြန်တယ်။

“သားကြီး မင်းကို မွေးမွေးချင်းနေ့က အဖေချက်ချင်း ဆေးရုံကို မရောက်ဖြစ်ခဲ့ဘူး၊ အဲဒီ့ ရက်မှာ “ပယင်းရောင်” ရုပ်ရှင်ဇာတ်ကားအတွက် ခေါင်းစီးစာတမ်း ရိုက်နေတာလေ၊ ဇော်မော်လင်း ကာတွန်းရုပ်ရှင်ဆိုပြီး Animationနဲ့ ပတ်သက်သမျှ အလုပ်တွေလုပ်ရင်း နာမည်ရစ   ပြုနေချိန်ဆိုတော့ ရက်ချိန်း အတိအကျ ပြီးဖို့ကို အဖေ့အနေနဲ့ အဓိကထား လုပ်ပေးနေရချိန်ပေါ့၊ မင်းအမေကလည်း အဖေ့ကို နားလည်ပေးရှာပါတယ်၊ အလုပ်ကို ဦးစားပေးဖြစ်ရခြင်း   နောက်တစ်ကြောင်းက မွေးဖွားခါနီး ပိုက်ဆံရှိထားဖို့ကလည်း လိုတယ်မဟုတ်လား၊
စုစုဆောင်းဆောင်း မရှိတဲ့ အဖေတို့ အနုပညာသည်တွေအတွက် နာမည်နဲ့ ဂုဏ်သိက္ခာကသာ ငွေကြေးဖြစ် စေနိုင်တာမို့ အလုပ်ကမိသားစုထက် ပိုအရေးကြီးတဲ့အချိန်တွေ အဖေ့ဘ၀မှာ ရှိခဲ့ရတာပေါ့ သားရယ်”

အဖေက ပြောလက်စ စကားကို ခဏရပ်ပြီး ကျွန်တော့်ကို လှမ်းကြည့်လိုက်ပါတယ်။ အမေနဲ့ ရွှေရည်ကတော့ ဆက်ပြောလာမယ့် အဖေ့စကားသံကို စိတ်ဝင်တစား နားထောင်ချင်ပုံနဲ့ ငြိမ်နေလေရဲ့။ စားပွဲပေါ်မှာ တင်ထားတဲ့ ဆေးလိပ်ခွက်ထဲက မီးသေနေတဲ့ ဆေးပေါ့လိပ်တိုကို မီးညှိပြီး အဖေက တစ်ချက်နှစ်ချက် ဖွာလိုက်တယ်။ ဝေ့တက်သွားတဲ့ ဆေးလိပ်မီးခိုးငွေ့တွေကို ကြည့်ပြီး အဖေက ပြောလက်စ စကားကို ပြန်ဆက်လာတယ်။ မီးခိုးငွေ့တွေကို ကြည့်နေတဲ့ အဖေရဲ့မျက်ဝန်းထဲမှာ မေတ္တာဓာတ်တွေနဲ့ အေးချမ်းနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။

“မမစန်း ဂျင်မခါနာမှာ ယောက်ျားလေး မွေးတယ်၊ ဘာမှ စိတ်မပူနဲ့ အစ်ကိုကြီး၊ ကလေးရော အမေပါ ကျန်းမာတယ်ဆိုပြီး အမျိုးသားရုပ်ရှင်ခြံထဲမှာ အလုပ်မပြီးသေးတဲ့ အဖေကို မင်းဦးလေးဌေးအောင်က လာပြောတယ်၊ အဖေ့ရင်ထဲမှာ သားလေးဆိုတဲ့ အသိက လုပ်လက်စ အလုပ်တွေကို အရှိန်ထည့်ပေးလိုက်သလို အားတွေ အလိုအလျောက်   ဖြစ်လာစေခဲ့တယ်၊ နောက်တစ်နေ့ ဆေးရုံကိုရောက်တော့ သားဘေးနားမှာထိုင် သား… သား… ဆိုပြီး အဖေ့အသံကို သားမှတ်မိနေအောင် အကြိမ်ပေါင်းများစွာ ခေါ်နေမိတယ်၊ မင်းအမေကတောင် ပိုလိုက်တာတဲ့၊ ဟုတ်တယ်မဟုတ်လား အမေကြီး”

အဖေက စကားပြောရင် အဲဒီအတိုင်းပဲ၊ အမေ့ကို စကားဝိုင်းထဲ မပါပါအောင် ဆွဲခေါ်ပြီး သူတို့ဇနီးမောင်နှံ အတွဲအဖက်ညီကြောင်းကို သိသိသာသာ ဖော်ပြတတ်တယ်လေ။ အဖေ ရဲ့သဘောကို အကြောင်းသိအမေက နောကျေပြီးသားမို့ အဖေရဲ့ ဟုတ်တယ်မဟုတ်လား အမေကြီးဆိုတဲ့ အမေးကို အပြုံးလေးနဲ့ ခေါင်းတညိတ်ညိတ်လုပ်ရင်း စကားဝိုင်းထဲ ၀င်ပါရ တော့တာပေါ့။

“ဟုတ်လိုက်တာမှာ အမေတစ်ယောက်တည်းက ပိုတယ်လို့ပြောတာ မဟုတ်ဘူး၊ ဘေးခုတင်က လူတွေကတောင် သားအဖေကို ပြုံးစိစိနဲ့ ပိုရန်ကောဆိုတဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်ပြီး ဒီလောက် ရက်သားလေးက ခင်ဗျားခေါ်နေတာကို သိပါ့မလားလို့ မေးတာ တောင်ခံခဲ့ရတယ်၊ အဲဒီလို မေးတဲ့သူတွေကို မင်းအဖေက ဘာဖြစ်လို့ မသိရမှာလဲဗျ၊ ဒီမှာ လာကြည့်ဆိုပြီး သားကို ထည့်ထားတဲ့ ပုခက်ခုတင်နားလာခိုင်းပြီး သားလို့ ခေါ်ပြလိုက်တော့ သားကလည်း အဖေကိုသိတဲ့ပုံစံနဲ့ မျက်လုံးလေး ဖွင့်ကြည့်တယ်၊ မင်းအဖေက သားလို့ခေါ် လိုက်တိုင်း သိသလိုပုံစံနဲ့ မျက်လုံးဖွင့်ဖွင့်ကြည့်တဲ့ သားကိုမြင်တော့ ဘေးခုတင်က ဖခင်တွေလည်း သူတို့ ရင်သွေးတွေကို သား၊ သမီးဆိုပြီး ခေါ်နေလိုက်ကြတာ သားရယ်၊ အဲ့ဒီ… မြင်ကွင်းလေးကို အမေ ခုထိတောင် မြင်ယောင်နေမိတယ်၊ ကြည်နူးဖို့ တယ်ကောင်းတာကို…”

အမေရဲ့ မျက်ဝန်းထဲမှာ အေးချမ်းကြည်နူးခြင်း အရောင်တွေနဲ့   ပြည့်နှက်နေတာကို   မြင်လိုက်ရတယ်။ အမေ ပြောစကားအဆုံးမှာတော့ ဖြည်းဖြည်းနဲ့မှန်မှန် တစ်လုံးချင်း
ပြောလိုက်တဲ့ အဖေ့စကားလုံးတွေဟာ ကျွန်တော်တို့ ဇနီးမောင်နှံရင်ထဲကို နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့တယ်လေ။

“အဲဒီမြင်ကွင်းဟာ မေတ္တာတရားအစစ်ကနေ ဖြစ်လာတဲ့ မြင်ကွင်းပေါ့၊ သားနဲ့ သမီး ရဲ့”

အဖေရဲ့စကားအဆုံး သားလေးလား သမီးလေးလား မသိနိုင်သေးတဲ့ တစ်လသာသာ ကိုယ်ဝန်ဗိုက်ကလေးကို ပွတ်ရင်း ပီတိမျက်ရည်ကြည်တွေ ဝေ့၀ဲနေတဲ့ ဇနီးသည်ကို လှမ်းကြည့် လိုက်မိတယ်။ ကျွန်တော့် ရင်ထဲမှာလည်း မွေးခါစ ကလေးငယ်လေးတစ်ယောက်ရဲ့ အကြားမျိုးနဲ့ အဖေခေါ်လိုက်တဲ့ “သား” ဆိုတဲ့ အဖေ့ခေါ်သံလေးကို လွမ်းမောဖွယ်ရာ ပြန် ကြားယောင်မိတယ်ပေါ့။

“သား… သား”

“ဟေ့… ကို ဘာတွေ သားနေတာလဲ၊ သားက ရွှေရည်ဗိုက်ထဲမှာပဲ ရှိသေးတယ်လေ၊ ကိုပိုကြီးရဲ့”

ရွှေရည်က မှီထားတဲ့ ကျွန်တော့် ပခုံးပေါ်ကနေ လှမ်းပြောသံကြားတော့မှ ဆေးခန်းက အမေ့အိမ်အသွား အငှားကားပေါ်မှာဆိုတဲ့ အသိပြန်ရောက်လာတော့တယ်။ ကျွန်တော့် ရင်ထဲက သားဆိုတဲ့ ခေါ်သံဟာ အပြင်ကို အသံအဖြစ် ထွက်သွားတာကို ရွှေရည်ကို ပြောမပြတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော့်ဇနီးရွှေရည်က သိနှင့်နေပြီဖြစ်တာကို သူမရဲ့ မျက်ဝန်းတွေမှာ ကျွန်တော် တွေ့လိုက်ရတာမို့ပါ။

“မိဘတိုင်းရဲ့ ချစ်ခြင်းမေတ္တာတရားကြောင့် သားသမီး မွေးဖွားချိန်တိုင်းမှာ ပိုလိုက် တာဆိုတဲ့ အပြောမျိုးတွေ ခံရကြတာ ရွှေရည်ရ၊ အခု ကိုတောင် မမြင်ရသေးတဲ့ သားလေးအတွက် ကိုပိုကြီးလို့ အခေါ်ခံနေရပြီလေ၊ ဟား… ဟား… ဟား”

ကျွန်တော့် စကားအဆုံးမှာတော့ ဇနီးသည်က သူ့ရဲ့ဗိုက်ကလေးကို ခပ် ဖြည်းဖြည်းလေး ပုတ်ပြီး…

“အမယ်လေး… ဒီမှာက ကိုးလလွယ်ဆယ်လကျမှ ဖွားရတာပါနော်၊ အဖေနဲ့ အမေမှာ ဘယ်သူက ပိုပြီး သားသမီးကို ပိုချစ်ကြမလဲ၊ စဉ်းစားကြည့်ပါဦး”

“ဟုတ်ပါတယ်ဗျာ… ဟုတ်ပါတယ်၊ အမေတွေရဲ့ မေတ္တာဟာ ပိုပြီး ကြီးမားတယ်ဆိုတာ စဉ်စားစရာတောင် မလိုပါဘူး၊ ဒေါ်ပိုပိုကြီးရဲ့ ပိုတစ်လုံး အဆစ်ပေးလိုက်ပါ့မယ်နော် ဒေါ်ပိုပိုကြီး”

ဇနီးသည်က သူ့ကို “ပို” တစ်လုံး အသာပေးလိုက်လို့ ဘာမှ ပြန်မပြောတော့ဘဲ မျက်လုံးအသာမှိတ်ပြီး ကျွန်တော့်ပုခုံးပေါ် ပြန်မှီလိုက်ပါတယ်။ ကျွန်တော်လည်း ကားပြတင်းပေါက် ကနေ အပြင်ကို ကြည့်ရင်း လိုက်လာခဲ့တယ်။ အငှားကားလေး တာမွေမီးပွိုင့်ကို   ဖြတ်ချိန်မှာတော့ ကျောင်းလွှတ်ချိန်နဲ့ ကြုံလို့ ကားခဏ ရပ်ပေးရပါတယ်။

အဖြူအစိမ်း ကျောင်းဝတ်စုံတွေနဲ့ ကျောင်းသားတွေကို ကြည့်ပြီး ကျွန်တော့်ရဲ့   ကျောင်းတက်ခဲ့ချိန် ကျောင်းသားဘ၀မှာ စည်းကမ်းရှိဖို့၊ မလိမ်မညာဖို့၊ ကိုယ့်တာဝန်ကိုယ် ယူနိုင်ဖို့စတဲ့ အချက်တွေကို တုတ်တစ်ချက် မရိုက်၊ ဆူဆူပူပူ ဟောက်ဟန့်ခြင်း မပြုဘဲ လမ်းညွှန်မှုပေးခဲ့တဲ့ အဖေရဲ့ ဆုံးမသင်ပြပေးခြင်းတွေကို သတိရနေမိပါတယ်။

ကျွန်တော်ငယ်ငယ် ငါးနှစ်သား သူငယ်တန်းတက်ချိန်ရဲ့ ပထမဦးဆုံးနေ့မှာ အဖေချပေးတဲ့ စည်းကမ်းလေးတစ်ခုကို အမှတ်ရမိပါတယ်။ အဲဒီနေ့မနက် အစောကြီး အမေ ကျွန်တော့်ကို သနပ်ခါးလိမ်း ခေါင်းဖြီးပေးနေတုန်း အဖေအိပ်ရာကနေ ထလာတယ်။ သနပ်ခါးအဖွေးသားနဲ့ လွယ်အိတ်ကလေး လွယ်ထွက်လာတဲ့ ကျွန်တော့်ကို အိမ်နံရံပေါ်မှာ ဘယ်အချိန်က ရိုက်ထားမှန်း မသိတဲ့ သံချောင်းလေးရှိရာကို ခေါ်သွားပါတယ်။ ပြီးတော့ အဖေက ရိုက်ထားတဲ့ သံချောင်းလေးကို လက်ညှိုးထိုးပြရင်း…

“သားကြီး အခု အဖေရိုက်ထားတဲ့ သံချောင်းလေးဟာ သားကျောင်းက ပြန်လာချိန်တိုင်း သားရဲ့ ကျောင်းလွယ်အိတ် ချိတ်ဖို့နော်၊ စာကျက်စရာရှိရင်ကျက်၊ အိမ်စာလုပ်စရာရှိရင်လုပ် အဲဒါတွေပြီးလို့ ကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စတွေပြီးရင် သားကျောင်းလွယ်အိတ်ဟာ သံချောင်းလေးမှာ အမြဲချိတ်လျက် ရှိနေရမယ်။ အဖေအလုပ်က ပြန်ရောက်လို့ ကြည့်လိုက် တိုင်းမှာ သားရဲ့ကျောင်းလွယ်အိတ်ကို စည်းကမ်းတကျ ချိတ်ထားတာကို မြင်ချင်တယ်”

အဖေဟာ သံချောင်းလေးတစ်ချောင်းနဲ့ ကျွန်တော့်အတွက် စည်းကမ်းဆိုတဲ့အရာကို ကလေးဘ၀ကတည်းက သိနိုင်အောင် သင်ပေးခဲ့ပါတယ်။ ကျောင်းသွားခါနီး စာအုပ်ပျောက်၊ ခဲတံဘယ်မှာ ထားမိမှန်းမသိ ဖြစ်ခဲ့ရခြင်းမျိုးတွေ မရှိခဲ့တာဟာ အဖေရဲ့ သံချောင်းလေး တစ်ချောင်း ရိုက်ပြီးပေးခဲ့တဲ့ အသိကြောင့်ပါ။ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ချိန်မှာ ကိုယ့်အလုပ်နဲ့ ပတ်သက်သမျှ စနစ်တကျ ထားရှိရမယ့် စည်းကမ်းသံချောင်းတွေ အများကြီးနဲ့ ကျွန်တော်အံဝင်ခွင်ကျ ဖြစ်စေခဲ့တာဟာ ငယ်ငယ်က ကျောင်းလွယ်အိတ်ချိတ်ဖို့ သံချောင်း လေးတစ်ချောင်းနဲ့ စည်းကမ်းရှိခြင်းဆိုတဲ့ အချက်ကို သင်ကြားပေးခဲ့တဲ့ အဖေကြောင့်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ပါ။

ကာတွန်းစာအုပ်တွေကို ဒုတိယတန်းလောက်က စပြီး ဖတ်နေပေမယ့် အဖေက မသိသလိုပဲ နေနေခဲ့ပါတယ်။ ကျွန်တော် လေးတန်းအောင်တော့ အဖေက သစ်သားစာအုပ်စင်တစ်စင် ၀ယ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်ဖတ်သင့်တဲ့ ပုံပြင်စာအုပ်တွေ၊ အားကျအတုယူသင့်တဲ့ သူတွေ အကြောင်းရေးထားတဲ့ စာအုပ်တွေကို ၀ယ်လာပြီး စာအုပ်စင်လေး ပေါ်တင်ပေးရင်း ကျွန်တော့်ကို ဖတ်စေခဲ့ပါတော့တယ်။ စာအုပ်စာပေကပေးတဲ့ အသိတွေကိုလည်း သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ်။

“သားကြီး ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ အသိတရားရှိနေမှကွ၊ သားအရွယ် ရောက်လာတဲ့အမျှ သားရဲ့စာဖတ်နိုင်အားက ဖတ်သင့်တဲ့ စာအုပ်တွေကို ရွေးချယ်ပေးသွား ပါလိမ့်မယ်၊ အခုအရွယ်မှာ အဖေက သားရဲ့စာဖတ်ချင်စိတ်ကို နှိုးပေးရုံသက်သက်၊ စာဖတ် ၀ါသနာပါအောင် လုပ်ဆောင်ပေးရုံလောက်ပဲ လုပ်ပေးတာပါ၊ အဖေပြောချင်တဲ့ အဓိက အချက်က အချိန်အားရင် စာဖတ်ပါဆိုတာပဲ”

ကျောင်းစာသင်ခန်း အပြင်ဘက်သို့ မျှော်ကြည့်နိုင်စွမ်းအားကို စာဖတ်စေခြင်းနဲ့ အဖေဟာ ကျွန်တော့်ရင်ထဲ အသိအသစ်များစွာ ထည့်ပေးခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာတော့ စာဖတ်ခြင်းကြောင့် ရရှိခဲ့တဲ့ ဗဟုသုတတွေဟာ အလုပ်ခွင်အတွက် အထောက်အပံ့ များစွာ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီအချက်ကလည်း အဖေရဲ့ ကျွန်တော့်အပေါ် အရွယ်ရောက်ချိန်မှာ ရှိရမယ့် စိတ်ကို သင်ကြားပေးခဲ့ခြင်း တစ်မျိုပေါ့။

ကျွန်တော့်ရဲ့ ကလေးဘ၀ ဖြတ်သန်းမှုတွေထဲမှာ အလယ်တန်းအဆင့်ဖြစ်တဲ့ ရှစ်တန်း   အောင်စာရင်းထွက်တဲ့ နေ့ကလည်း အမှတ်တရဖြစ်ခဲ့ပါတယ်။ သင်္ချာဂုဏ်ထူးထွက်တဲ့ ကျွန်တော့် ကို အဖေကလက်ပတ်နာရီ ၀ယ်ပေးခဲ့ပါတယ်။ ပြီးတော့ အဖေကိုယ်တိုင် ချက်တဲ့ (ကျွန်တော်လည်း အရမ်းကြိုက်တဲ့) ဘဲသားဟင်း ချက်ကျွေးပါတယ်။ သားအမိသားအဖ သုံးယောက် အတူတူ  ညစာစားကြရင်း အဖေက ကျွန်တော့်ကို လူကြီးတစ်ယောက်ပုံစံ အပြောမျိုးနဲ့ စကားပြောလာပါတယ်။

“သား အခုဆို အလယ်တန်း အဆင့်အောင်လို့ အထက်တန်းပညာကို စသင်ရတော့မယ်၊ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ရပေါင်းရမယ်၊ အရာရာကို သိချင်စမ်းချင်စိတ် အများဆုံး ဖြစ်တတ် တဲ့အရွယ်ပေါ့၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကို မလိမ်မညာမိအောင် နေနိုင်ဖို့က အရေးကြီးဆုံးပါပဲ၊ အခုအရွယ်ဟာ ကျောင်းစာက သားအတွက် အရေးကြီးဆုံးဆိုရပေမယ့်   ကျောင်းမတက် ချင်တဲ့ နေ့ရှိခဲ့ရင်တောင် ကျောင်းပြေးဖို့ မလိုဘူး၊ အမေနဲ့အဖေကို ဘာကြောင့်   ကျောင်းမတက်ချင်လဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပြရဲတဲ့ သတ္တိရှိရမယ်၊ အဖေ အလုပ်သွားနေရင်လည်း အမေ့ကို ဖွင့်ပြောပြ၊ အချိန်တွေက ရပ်နေမှာမဟုတ်ဘူး သားရဲ့ ကိုယ့်လုပ်ဆောင်မှုကသာ ကိုယ့်ဘ၀ရဲ့ အရိပ်အဖြစ် ရှိနေမှာ၊ သားဘ၀မှာ ကောင်းတဲ့ အလုပ်ကို လုပ်တဲ့အချိန်နဲ့ မကောင်းတဲ့ အလုပ်ကို လုပ်တဲ့အချိန် ဘယ်အလုပ်ဘက်မှာ အချိန်တွေ ပိုများများကုန်ဆုံးနေသလဲဆိုတာ သိနေနိုင်ဖို့ ဒီလက်ပတ်နာရီလေး ၀ယ်ပေးခဲ့တာ”

မိဘကို လိမ်ညာစရာ မလိုသလို ကိုယ့်ကိုယ်ကို မလိမ်မညာဖို့ကိုလည်း အဖေရဲ့ ဆုံးမစကားကြောင့် သိခဲ့ရပြန်တယ်။ နေ့တစ်နေ့ ကုန်ဆုံးချိန်တိုင်းမှာ ကိုယ့်လုပ်ဆောင်ချက် ကောင်းခြင်းနဲ့ဆိုးခြင်း ဘယ်ဘက်ကို ပိုနေခဲ့သလဲဆိုတဲ့ ဆန်းစစ်မှုတွေ ပြုနိုင်ခဲ့ခြင်းနဲ့ လိမ်ညာမှုကင်းတဲ့ မိတ်ဆွေတချို့ ရနိုင်ခဲ့ခြင်းဟာလည်း အဖေရဲ့ ကောင်းမွန်စွာ အချိန်ကို အသုံးချနိုင်အောင် လမ်းညွန်မှုကြောင့်ပါ။

ဆယ်တန်းစာမေးပွဲ ဖြေခါနီး သုံးလကျော်လောက်အလိုမှာ အဖေက ကျွန်တော့်ကို မေးပါတယ်။

“သား စာမေးပွဲဖြေဖို့ ရက်ပေါင်း ဘယ်လောက်လိုသေးလဲ”

ကျွန်တော် တွက်ကြည့်လိုက်တော့ ၉၅ရက် ကျန်နေတယ်။ အဖေ့ကို ပြောပြလိုက်တော့ အဖေဘာမှ ပြန်မပြောဘဲ သူအလုပ်သွားရင် လွယ်နေကျ ဖျင်ကြမ်းအိတ်ကြီး သွားယူလာပါတယ်။ အိတ်ကြီးထဲက အနက်ရောင်အောင်ခံပေါ်မှာ သူကိုယ်တိုင် ကော်မာကိုက် ရေးထားတဲ့ အဖြူရောင်စာတမ်း တစ်ကြောင်းပဲပါတဲ့ စက္ကူကတ်ပြားကို ထုတ်လိုက်ပါတယ်။ စာတမ်းလေးကို ဖတ်ကြည့်လိုက်တော့ စာမေးပွဲဖြေရန် (   ) ရက်သာ လိုတော့သည်တဲ့။

စာတမ်းလေးကို ကျွန်တော့် စာကြည့်စားပွဲနံရံအပေါ်မှာ တိတ်နဲ့ သေသေချာချာကပ် ပေးပါတယ်။ ပြီးမှ… ကွက်လပ်ထဲမှာ ၉၅ ဆိုတဲ့ စာကို မြေဖြူခဲနဲ့ ရေးလိုက်ပါတယ်။ အဖေရဲ့ လုပ်ရပ်ကို သဘောမပေါက်လို့ ကြည့်နေတဲ့ ကျွန်တော့်ကို အဖေက ခပ်ပြုံးပြုံးကြည့်ရင်း…

“ဒီလိုသားရဲ့ ဆယ်တန်းစာမေးပွဲဆိုတာ အရေးကြီးတယ်၊ စာမေးပွဲ နီးလာချိန်ကို ကိုယ်တိုင်သိမှ ကိုယ်ဘာတွေ ကျက်ရမယ်၊ ဘယ်ဘာသာကို ပိုပြီး အားစိုက်ရမယ်ဆိုတာ သိနိုင်မယ်၊ အဲဒီလို သိနေနိုင်ဖို့ဆိုပြီး စာတမ်းလေးကို သား စာကျက်တိုင်း မြင်နိုင်မယ့် နေရာမှာ ကပ်ပေးတာ၊ မနက်ဖြန်ကျရင် ၉၅ လို့ရေးထားတဲ့ မြေဖြူခဲဂဏန်းကို ဖျက်ပြီး ၉၄ဆိုတဲ့ ဂဏန်းပြောင်းရေးလိုက်၊ စာမေးပွဲဖြေဖို့ ရက်၉၅ကနေ ၉၄ရက်ပဲ လိုတော့တယ်ဆိုတာ  ဘယ်သူမှပြောစရာ မလိုဘဲ သားကိုယ်တိုင် သိနေနိုင်ဖို့ အဖေလုပ်ပေးထားတာ၊ တစ်ရက်ပြီးတစ်ရက် ဂဏန်းတွေ ငယ်လာတာနဲ့ စာမေးပွဲရက်နီးလာပြီဆိုတာ သားသိနေရင် မရ သေးတဲ့ စာတွေကျက်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားဖြစ်အောင်လေ”

အဖေဟာ သူ့ရဲ့ လုပ်ရပ်အပေါ် ကျေနပ်နေပုံနဲ့ ဆေးပေါ့လိပ်ကို တွင်တွင်ဖွာရင်း ကျွန်တော့်ကို ရှင်းပြပါတယ်။ အဖေရေးပေးတဲ့ စာတမ်းလေးက ကွက်လပ်ကိုဖြည့်ရင်း စာတွေကို ဘယ်သူကမှ မတိုက်တွန်းရဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကျက်မှတ်ဖြစ်ခဲ့ပါတယ်။ စာမေးပွဲဖြေရန် ၁ ရက်သာလိုတော့တဲ့ အချိန်မှာတော့ စာအတော်များများ ကြေညက်နေပြီဖြစ်လို့ ဆယ်တန်းစာမေးပွဲကို စိတ်အေးလက်အေးဖြေဆို အောင်မြင်ခဲ့ပါတယ်။

အသက်အရွယ်ရောက်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် တွန်းအားဖြစ်စေခဲ့တဲ့စာ တမ်းတချို့ ကျွန်တော့်ရဲ့ လုပ်ငန်းခွင် နံရံဘေးမှာ ရှိနေခဲ့ပါပြီ။ တခြားသူတွေရဲ့ တိုက်တွန်းချက်၊ အတင်းအကြပ် ခိုင်းစေမှုမပါဘဲ ကိုယ်ကိုယ်ကိုယ် ကိုယ့်အလုပ်အပေါ် သိရှိတာဝန်ယူ စိတ်ရှိနေခြင်းဟာ အဖေရဲ့ အထက်တန်းကျောင်းသားဘ၀ ကျွန်တော့် စာကြည့်စားပွဲနံရံမှာ ကပ်ပေးခဲ့တဲ့ စာတမ်းလေးက အခြေခံခဲ့တာပါ။

အနုပညာအလုပ်ကို လုပ်နေတဲ့ အဖေ့အတွက် အလုပ်ချိန်ဟာ နေ့ညဆိုပြီး သတ်သတ် မှတ်မှတ် မရှိခဲ့ပါဘူး။ အလုပ်အရေးကြီးရင် ကြီးသလို လုပ်ပေးနေရတော့ မိသားစုနဲ့ အချိန်ပြည့် နေနိုင်ခွင့်လည်း နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် သံချောင်းတစ်ချောင်း၊ သစ်သားစာအုပ်စင်တစ်စင်၊ လက်ပတ်နာရီတစ်လုံးနဲ့ စာတမ်းတစ်ကြောင်းကို သူ့စိတ်ကူးနဲ့ စဉ်းစားပုံဖော်ရင်း ကျွန်တော့် ဘ၀လျှောက်လမ်းအတွက် စည်းကမ်း၊ ကိုယ်ကျင့်တရား၊ အချိန်၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်ခြင်းတွေ ရင်ထဲ စွဲစေအောင် ဆောင်ကြဉ်းပေးခဲ့သူပါ။

                                                                                                                                                                                       

“အောင်တေဇလမ်းဆိုတော့ ရှေ့ကျရင် ဘယ်ဘက်ကို ကွေ့ရမှာလား”

အငှားကားဆရာရဲ့ မေးလိုက်သံကို ကြားမှ ကျွန်တော့်ရဲ့အတွေးတွေ ပစ္စုပ္ပန်ကို   ပြန်ရောက်လာပါတယ်။ ကိုယ်ဝန်အရှိန်ကြောင့် ကားပေါ်မှာ မှိန်းလိုက်လာတဲ့ ဇနီးသည်လည်း   ခေါင်းထောင်လာပါတယ်။

“ဟုတ်ကဲ့ ဘယ်ဘက်ကို ကွေ့ပြီး ဒုတိယဓာတ်တိုင်နား ရောက်ရင် ရောက်ပြီ ဆရာကြီး၊ ရွှေရည်ရေ… ထ ထ.. အမေတို့ အိမ်ရောက်ပြီ”

ကားခ ကျသင့်ငွေကိုပေးလိုက်ရင်း ဇနီးသည်ကို အသာထူမပေးလိုက်တယ်။ အမေတို့ အိမ်ရှေ့ကားရပ်တော့ အငှားကားပေါ်က ဆင်းလိုက်ပြီး ဇနီးသည်လက်ကို တွဲထားရင်း ၅ထပ်မှာ ရှိတဲ့ အမေ့အိမ်ကို မော့ကြည့်လိုက်ပါတယ်။ မြေးယောက်ျားလေး ရလာတော့မယ့်အကြောင်း အဖေသိခဲ့ရင် ကျွန်တော်တို့ ခေတ်နဲ့ကွာဟနေတဲ့ သူ့မြေးကို ဘယ်လို လမ်းညွှန်မှုတွေနဲ့ ထိန်းကျောင်း ပဲ့ပြင်ပေးမလဲဆိုတာ ကျွန်တော် အရမ်းသိချင်နေမိပါတယ်။ ကျွန်တော့် အတွက်တော့ အခု အသက်အရွယ်အထိ အဖေ့ဆီက သင်ယူစရာတွေ အမြောက်အမြားရှိနေတာကိုပဲ အဖေရဲ့ သား တစ်ယောက်အဖြစ် ဂုဏ်ယူနေမိပါတော့တယ်။

ငယ်စဉ် အဖြစ်အပျက်တွေ အများကြီးထဲက အဖေနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပိုမိုပြီး ပြင်းပြင်းပြပြ သတိရနေခြင်းက အဖေတစ်ယောက်ဖြစ်လာမယ့် ကျွန်တော့်အတွက် လူ့လောကထဲ ရောက်လာမယ့် သားအပေါ်ထားမိတဲ့ ( အဖေ ကျွန်တော့်ကို   ပြောပြခဲ့ဖူးတဲ့)   မေတ္တာတရားအစစ်ကြောင့် ဖြစ်မယ်ဆိုတာ အခုအချိန်မှာ ကျွန်တော် သေသေချာချာ သဘောပေါက်နေခဲ့ပါပြီ။

(သားကြီး မောင်အံ့မော်ကွန်း ၁၀ နှစ်ပြည့်မွေးနေ့အတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

အမှတ် ၂၇၁၊ ဇွန်လ ၂၀၁၂ ရွှေအမြုတေမဂ္ဂဇင်းတွင် ပါရှိသော ဆရာ မင်္ဂလာရွှေမောင်း ရေးသည့် “စာကောင်းကင်မှ လင်းလက်ကြယ်” စာပေဝေဖန်ရေးဆောင်းပါးမှ ကောက်နှုတ်ချက်

ဒီလ ရတီမှာ ရွှေမောင်းသိပ်ကြိုက်တဲ့ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ ၀တ္ထုတို လေး တစ်ပုဒ်ဖတ်ရတယ်။ အနာဂတ်ကို မျက်နှာမူထားရုံမျှမက အနာဂတ်ဖွံ့ဖြိုးရေးကို အထောက် အကူပြုနေတဲ့ ၀တ္ထုတိုလေးပါ။ အဲဒီဝတ္ထုကတော့ ညိုရင့်ရဲ့ အဖေနဲ့ကျွန်တော်၊ ကျွန်တော်နဲ့သားပါ။ စိတ်ပညာဘာသာရပ်မှာ ကလေးတစ်ယောက် အသက်၆နှစ်ကို ရောက်လာတဲ့ အချိန်ကစပြီး ဦးစီးပဲ့ကိုင်ဖြစ်တဲ့ ဖခင်တစ်ဦးရဲ့ အခန်းကဏ္ဍက အတော့ကို အရေးပါလာတယ်လို့ ဆိုကြပါတယ်။ ဒီဝတ္ထုလေးမှာ ဇနီးသည်ရဲ့ ကိုယ်ဝန်ကို အက်ထရာဆောင်းရိုက်ကြည့်လို့ သားယောက်ျားလေးလို့ သိရတဲ့အခါ အဲဒီအဖြေကို မိခင်ကြီးဆီ သွားပြောရင်း လမ်းမှာဖခင်ကြီးက သူ့သားကို   ပြုစုပျိုးထောင်ခဲ့ပုံကို ပြန်လည်တွေးတောမိပုံနဲ့ ဖခင်ရဲ့ ကလေးပြုစု ပျိုးထောင်ပုံကို   ရေးဖွဲ့တင်ပြထားပါတယ်။ ၀တ္ထုရေးဆရာဟာ သူ့ဝတ္ထုကို တင်ပြရာမှာ စဉ်ဆက်ညီညွတ်မှုကို အထူးဂရုစိုက်ပါတယ်။ ပြီးမှ သင်္ကေတ ပစ္စည်းလေးတွေကိုလည်း   နေသားတကျ ထည့်သွင်းထားတယ်။ သံချောင်း၊ စာအုပ်စင်၊ လက်ပတ်နာရီ၊ စာတန်းတစ်ကြောင်း။ အဲဒါတွေဟာ ၀တ္ထုထဲက အဖေကသားကို ပြုစုပျိုးထောင်တဲ့ သင်္ကေတပစ္စည်း ဖြစ်သလို ရွှေမောင်းတို့ စာဖတ်သူ မိဘအုပ်ထိန်းသူတိုင်းလည်း လိုက်နာလုပ် ဆောင်နိုင်တဲ့၊ လုပ်ဆောင်သင့်တဲ့ သင်္ကေတ ပစ္စည်းတွေပါပဲ။ ကလေးသူငယ်   ပြုစုပျိုးထောင်ရေးဆိုင်ရာ စိတ်ပညာ ဆောင်းပါးတစ်ပုဒ်ကို   ရေးသားဖို့ ကိစ္စဟာ သိပ်မခက်ပါဘူး။ လေ့လာပြီး ရေးသားလို့ ရပါတယ်။ ဒါပေမဲ့ အလွန်နက်ရှိုင်းသိမ်မွေ့တဲ့ အဲဒီကိစ္စကို စာဖတ်သူရဲ့ ရင်ထဲ ရောက်သွားအောင် ၀တ္ထုတိုတစ်ပုဒ်နဲ့ ပို့ဆောင်ပေးရတဲ့ အလုပ်ကတော့ အလွန်ခက်ခဲပါတယ်။ ၀တ္ထုအတတ် ပညာရော၊ အနုပညာရော ရှိဖို့ လိုအပ်ပါတယ်။ ဒီဝတ္ထုတိုလေးကို ဖတ်ကြည့်ပါ။ စာဖတ်သူဟာ မိဘအုပ်ထိန်းသူ တစ်ယောက် ဖြစ်နေရင် ကိုယ့်ကလေးကို ဘယ်လို ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အလွန့်ကို တန်ဖိုးကြီးမားလှတဲ့ သတင်းလေးတွေကို ဒီဝတ္ထုဖတ်ပြီး အလွယ်တကူ ရရှိသွားမှာပါ။!  a倄ွကြေးတန်ဖိုးထက် ကြီးမြတ်လေးနက်တဲ့ အသုံးချတန်ဖိုးတစ်ခုကို ရနိုင်တဲ့ ၀တ္ထုတိုဆိုတာ ဒီနေ့ စာမျက်နှာတွေပေါ်မှာ တော်တော်ရှားပါတယ်။ ဒါကြောင့် ဒီဝတ္ထုကို မဖြစ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ ညွှန်းလိုက်ပါရစေ။

 

 

သားအတွက် ရေးခဲ့တဲ့ ၀တ္တုတိုလေး ဖြစ်ခဲ့ပေမယ့် အဖေတိုင်း မိမိသားသမီးအပေါ်မှာ ထားမိတတ်တဲ့ မေတ္တာတွေ ပါဝင်နေခဲ့တယ်လို့ ယူဆမိတာမို့ ဇွန်လ (၁၇)ရက် ယနေ့မှာ ကျရောက်တဲ့ “ အဖေများနေ့” အတွက် အမှတ်တရ တင်ပေးလိုက်ပါတယ်ခင်ဗျာ။

 

ချစ်ခြင်းအားဖြင့် –

ညိုရင့်
AMK Creation