AMK Creation ဆိုသည့် ဤBlogလေးကို အိမ်သူ မြသွေးနီ နှင့်တကွ မိတ်ဆွေများ၏ တိုက်တွန်းမှုဖြင့် မရဲတရဲ စတင် မွေးဖွားဖြစ်ခဲ့လိုက်ပါပြီ။ မရဲတရဲဟု သုံးနှုန်းရခြင်းမှာ ကျွန်တော်သည်  အင်တာနက် အသုံးပြုဖို့ရာ အခြေအနေ ပါးလျသူတစ်ဦး ဖြစ်နေသလို၊ အွန်လိုင်းစာပေများကို ကိုယ်တိုင် တစိုက်မတ်မတ် ဖတ်ရှုနိုင်မှု မရှိသူတစ်ဦး  ဖြစ်ပါသည်။ သို့သော် ကျွန်တော့်အိမ်သူက  အွန်လိုင်းမှာ စာများ ရေးသားနေသူ ဖြစ်နေပြန်သဖြင့်၎င်း၊ နှစ်ဦးစလုံး စာပေမြတ်နိုးသူများဖြစ်သည့် အားလျော်စွာ အပြန်အလှန် ဖတ်ရသည်များ ဖလှယ်မျှဝေရာမှ အွန်လိုင်းမှ ကောင်းနိုးရာရာ စာများကို ရေးသားသူ ဘလော့ဂါများကို အမည်နှင့်တကွ ရင်းနှီးနေခဲ့မိ၏။ သူမကတဆင့် ဘလော့ဂါတချို့နှင့် ခင်မင်ရင်းနှီးခွင့် ရခဲ့ပြီး၊ အွန်လိုင်း စာရေးသူများအကြား ကြီးမားသည့် ခင်မင်မှုများကိုလည်း  ကိုယ်တိုင်   တွေ့ကြုံယုံမျှမက ကြားသိခဲ့ရပါသည်။

 အွန်လိုင်းပေါ်တွင် စာရေးရန် ၀က်ဘ်ဆိုက် နာမည် ရွေးချယ်သည့်အခါ ကျွန်တော်၏ မူလအလုပ်ဖြစ်သည့် AMK Creationနာမည်ကိုပဲ အသုံးပြုရန် ဆုံးဖြတ်ဖြစ်သည်။ AMK Creationသည် သားဖြစ်သူ အံ့မော်ကွန်း (သားပြည့်)၏အမည် ထိပ်စာလုံးများကို ယူထားခြင်းဖြစ်ပြီး၊ ပုံနှိပ်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စအ၀၀၊ CD, VCD, DVD ရိုက်ကုး၊ ထုတ်လုပ်၊   ဖြန့်ချိခြင်းနှင့် အတူ အဓိက ၀ါသနာကို အခြေခံသည့်  စာမူကြမ်းမှ စာအုပ်ချော ဖြစ်သည့်အထိ အလှပဆုံး၊ အသပ်ရပ်ဆုံး ၀တ္တုစာအုပ်လေးများ   ဖြစ်လာအောင် ဖန်တီး၍ စီစဉ်ပေးရခြင်း စသည်တို့ ပါဝင်နေပါသည်။

ဤတစ်နိုင်အလုပ်လေးကို လုပ်နေရင်းမှ မိမိကိုယ်တိုင် စာပေချစ်မြတ်နိုးသူ တစ်ဦးဖြစ်သည့် အလျှောက် ရံဖန်ရံခါ စိတ်ထဲ မထွေးမအံနိုင်သည်များကို စာလုံးများအဖြင့် ချရေးမိတတ်ပြီး ကံအားလျှော်စွာ မဂ္ဂဇင်းစာမျက်နှာ အချို့တွင်  ပါဝင်ခွင့် ရခဲ့ပါသည်။

ဤ၀က်ဘ်ဆိုက်တွင် ကျွန်တော်၏ လက်ချိုးရေတွက်လျှင်ပင် ရနိုင်သည့် စာမူများကို ဖော်ပြရင်း သိမ်းဆည်းချင်မိပါသည်။ ထို့အတူ ကျွန်တော် ဖန်တီးခဲ့သည့် စာပေ အနုပညာလက်ရာများကိုလည်း အခါအားလျော်စွာ အွန်လိုင်းပေါ်တွင် ဖော်ပြသွားချင်ပါသည်။

သို့ဖြစ်၍ လက်တွဲဖော် မြသွေးနီ၏ အဓိက အားပေးမှုနှင့်အတူ ဤ၀က်ဘ်ဆိုက်လေးကို ကြိုးစား၍ ရှင်သန် ပုံဖော်သွားခွင့် ပေးစေချင်ပါသည်။

ယခုအခါ အွန်လိုင်းမှ စာများကို ဖတ်နိုင်ရန်အတွက် အချိန်သတ်မှတ်ရန် ကြိုးစားနေပြီး၊ အွန်လိုင်းမှ ဘလော့ဂါများ၏လင့်ခ်များကိုလည်း  တဖြည်းဖြည်း ချိတ်သွားပါမည်။ လိုအပ်သည်များကို ချစ်ခင် ရင်းနှီးစွာဖြင့် အကြံပေးနိုင်ပါသည်။

စာဖတ်သူ၊ စာရေးသူတိုင်းကို ရင်မှ အစဉ်လေးစားလျှက်..

ချစ်ခြင်းအားဖြင့် –

ညိုရင့်
AMK Creation