“သင်္ကြန်လေညှင်းလုလင် မြူးရွှင်တော့ပေ….. ပိတောက်တွေထုံတဲ့ဝတ်မှုံ …… ၀တ်ဆံကြားတွင် …၀တ်ရည်ဆွတ်ဖျန်းလို့သာ….. ဖြတ်သန်းကာ ကြိုင်လန်းစွာ….. ငွေငန်းကို ကြိုလာပါတော့လေ ’’

လမ်းထိပ်ဘက်က၀င်လာတဲ့  ထီရောင်းတဲ့လှည်းဆီက သီချင်းသံကို  ကြားလိုက်ရ တာကြောင့် ဦးလူမော် လက်ထဲက  ဖတ်လက်စ ဂျာနယ်ကို  ဘေးကခုံပေါ် တင်လိုက်ပြီး  နားစွင့်ထားလိုက် မိတယ်။  ခြံထဲက ပိတောက်ပင်ကိုလည်း အဖူးအငုံလေးတွေ  ထွက်စပြုလာပြီလား ဆိုတဲ့ စူးစမ်းကြည့်နဲ့ အသေအချာလိုက် ကြည့်နေမိပြန်တယ်။  ရာသီဥတုဖောက်ပြန်မှုကြောင့် ပိတောက် ကိုယ်တိုင် ပွင့်နိုင်အားမရှိတော့တာမို့ အသေးအမွှား အဖူးအစအနလေးတောင် ပိတောက်ပင်ပေါ် မတွေ့ရသေးပေ။

ဟိုးအရင်  ဦးလူမော်တို့ငယ်စဉ်က အခုလို သင်္ကြန်နီးလာချိန်မျိုးဆိုရင် ရပ်ကွက်ထဲမှာ  သံချပ် အဖွဲ့တွေဆီက  သင်္ကြန်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြား နေကြရမြဲ။  သင်္ကြန်လက်ဆေး မိုးက လည်း  နှစ်စဉ်အချိန်မှန်မှန်ရွာတာကြောင့်  ပိတောက်ပင်ထက်က  ပိတောက်အဖူး အငုံတွေ ဆီက  ပိတောက်ရနံ့တွေ ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်မြဲပင်။

ယခုတော့  မနက်ဖြန်ပင် သင်္ကြန်အကြိုနေ့ ရောက်တော့မည်ဖြစ်သော်လည်း  ပိတောက်က အလည်ရောက်မလာဘဲ  ပျောက်ချက် သားကောင်းနေခြင်းကို တွေးမိရင်း ဦးလူမော် စိတ်မကောင်းဖြစ်နေမိ၏။

“ ဟင်း ….’’

သက်ပြင်းတစ်ချက်အလိုအလျောက်ပင် ဦးလူမော်ရင်ထဲက  ထွက်သွားမိ၏။ ထီလှည်းက အိမ်နဲ့ တစ်ဖြည်းဖြည်းနီးလာလို့ ဖွင့်ထားတဲ့ သီချင်းသံက  နားထဲသို့ ပိုမိုကျယ်လောင်စွာ ၀င်ရောက် လာ၏။  ပက်လက်ကုလားထိုင် အနောက်ဘက်ကို ခေါင်းမှီလိုက်ပြီး  မျက်စေ့ကိုအသာ မှိတ်ထားကာ ပီပီပြင်ပြင်ကြားနေရတဲ့ သင်္ကြန်လုလင်’သီချင်းကို စိတ်ပါလက်ပါ အင်္သထွက်ပြီး လိုက်ညည်းနေမိတယ်။

“ဘယ်သူတွေ….   ထိုလေပြေကိုစေ …  ဟောဒီ   ရေနန်းဗိမာန်  ငွေငန်းဓိဋ္ဌာန်   ရောက်ပြန်ပြီလေ …၊ နှစ်ဦးဂီတလက်ဆောင်… ပျော်အောင်လေ… တာဝန်ကျေ… လှပေါင်းခတဲ့ ဒို့မေ …. လှပေါင်းခတဲ့ ဒို့မေ …’’

 

“လှပေါင်းခတဲ့ ဒို့မေ …. လှပေါင်းခတဲ့ ဒို့မေ….. လောင်းမှာလား ….  သင်္ကြန်ရေ … ရွှဲအောင်လောင်းမေ …. မာပါစေ ……….. ’’

သီချင်းသံနဲ့အညီ ကနေတဲ့  ရန်ကုန်တက္ကသိုလ်  မြန်မာစာဌာန ယိမ်းအဖွဲ့ထဲက ချစ်ရသူကို တစ်လှည်၊့ မနွမ်းအောင်နဲ့ ကြွေမသွားစေဖို့အတွက်  သတင်းစာစက္ကူပတ်ပြီး  ပလပ်စတစ်ထဲ ထည့်ထားတဲ့ လက်ထဲက ပိတောက်ပန်းတွေကို တစ်လှည့်ကြည့်ရင်း စင်ထောင့်မှာ ရပ်နေတဲ့ သူကို ခင်မင်နေကြတဲ့ အကြောင်းသိ သူငယ်ချင်းတွေက ပြုံးစေ့စေ့နဲ့ ကြည့်နေကြတယ်။

သူကလဲ  ပြန်ပြုံးပြရင်း လက်ထဲက ပိတောက်ပန်းတွေကို ရင်နဲ့ကပ်ထားလိုက်မိတယ်။

စင်ပေါ်မှာကနေတဲ့  သွယ်လှတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်သူကိုကြည့်ရင်း  သူရင်ထဲမှာ သင်္ကြန်ရေကြောင့်  အေးတာထက် ပိုတဲ့ အေးချမ်းမှုတွေ စီးဝင်နေတာကို ခံစားနေရပါတော့တယ်။

နောက် ချစ်ရသူသက်ထားရည်နဲ့ သင်္ကြန်မကျခင် သင်္ကြန်ယိမ်းအတွက် အကတိုက်နေတုန်းကေ တာင်ငူဆောင်ရှေ့ အရှည်ကြီး ကန်တင်းမှာထိုင်ရင်း ပြောခဲ့တဲ့ စကားသံတွေကိုလည်း ပြန်ပြီး သတိရနေမိတယ်။

ရင်မှာကပ်ထားတဲ့  ပိတောက်ပန်းတွေကို  သူရဲ့လက်နဲ့ ချစ်သူခေါင်းမှာ ပန်ဆင်ခွင့်ရစေခဲ့တဲ့ အကြောင်းရင်းအစ ဖြစ်နေတာကြောင့် ချစ်ရသူ သက်ထားရည် သူကို ပြောခဲ့တဲ့စကားနဲ့ အမှုအယာအစအဆုံးကို ရင်ထဲမှာအလွတ်နီးပါး   မှတ်မိဖြစ်နေတာပေါ့။

 

 “ထားရည်တို့ ကမယ့် ကျောင်းကပွဲမှာ လာစောင့်ပေးရမှာမို့ ဒီနှစ်သင်္ကြန် ဘယ်ကိုမှ လည်ဖို့ စိတ်မကူးနဲ့တော့ …  ’’

“လုပ်ပြီ  ထားရည်ကတော့  အစောကြီးက ပြောရောပေါ့၊  အဲလိုမျိုး ကြိုသိထားရင် မျိုးသန့်တို့ကို ကားလည်ဖို့ ဘယ်ပြောထားမလဲ၊ အခုတော့ ကားငှားဖို့ ဖျက်ခိုင်းလိုက် ရတော့မှာပေါ့၊  ဟုတ်လား’’

မျက်လုံးပြူးပြူးလေးနှစ်လုံးက  ၀ိုင်းဝိုင်းစက်၊  နောက်…. ပါးဖောင်းဖောင်းလေးနှစ်ဖက် ပန်းနီရောင်သန်းနေတဲ့  ချစ်မက်ဖွယ်မျက်နှာပိုင်ရှင်  ချစ်ရသူ  သက်ထားရည်စကားကြောင့်  သောက်လက်စ လက်ဖက်ရည်ခွက်ကို အသာပြန်ချထားလိုက်ရင်း သူပြန်မေးလိုက်မိတယ်။

သူ့အမေးကို  ခေါင်းငြိမ့်ပြလိုက်ရင်း သက်ထားရည်က ..

“ဖျက်လိုက်ပါ ကိုရာ၊ အရင်ကလည်ဖို့ ခွင့်ပြုထားပေမယ့် အခုကိစ္စပေါ်လာလို့ပါ’’

“ကိစ္စဟုတ်လား၊ ဘာကိစ္စများ ပေါ်လာလို့လဲ ထားရည်ရဲ့၊ ပြောပြစမ်းပါဦး”

“အင်း… ဒီနေ့မှ  အကတိုက်တဲ့  ဆရာမကပြောတယ်၊  ထားရည်တို့မေဂျာက  ယိမ်းကမယ့်   ကျောင်းသူတွေ  အားလုံး ပိတောက်ပန်း ပန်ပြီး ကရမယ်တဲ့၊  အဲဒါကြောင့်  ကို’သင်္ကြန်လည်မှာကို ဖျက်ခိုင်းလိုက်တာပေါ့”

ထားရည် ပိတောက်ပန်း  ပန်ပြီးကရမယ့်အတွက် သင်္ကြန်လည်ဖို့  ဖျက်ပေးရမှာကို  သူစဉ်းစားလို့ မရဘူးဖြစ်နေတယ်။  ပထမတုန်း ကတော့  သူလည်း   သူငယ်ချင်းတွေနဲ့အတူ   ကားနဲ့လည်၊ ထားရည်ကလည်း ကျောင်းကပွဲမှာ  က၊   သူတို့ကားနားချိန်   နေ့လည်ပိုင်းကြမှ ထားရည်တို့ကတဲ့ မဏ္ဍပ်မှာ ဆုံပြီးထမင်းစားဖို့ စီစဉ်ထားတာလေ။

နားမလည်သလိုဖြစ်သွားတဲ့ သူ့ပုံစံကိုကြည့်ပြီး သက်ထားရည်က ပြုံးလိုက်တယ်။ ပြီးတော့ ရှေ့က သူသောက်လက်စ  လက်ကျန် လက်ဘက်ရည်ခွက်ကို လှမ်းယူပြီး အကုန်မော့သောက် လိုက်တယ်။ နောက် ကုန်သွားတဲ့ လက်ဘက်ရည်ခွက်ကို ရေနွေးနဲ့ ကျဉ်းပြီး ဆေးလိုက်ရင်း   ရေနွေးခရားထဲက ရေနွေးကို ဖြည့်လိုက်တယ်။ ပြီးမှ သူ့ဘက်ကို  ရေနွေးခွက် လှမ်းတိုးပေး လိုက်ရင်း …

“ကို…   ထားရည်စကားကို  မရှင်းဘဲဖြစ်နေတယ်  မဟုတ်လား၊  သေသေချာချာနားထောင်၊  ထားရည် ရှင်းပြမယ်၊ ပိတောက်ဆိုတာ တစ်နှစ်မှာ  တစ်ခါပွင့်တဲ့ ပန်း၊ သစ္စာရှိတဲ့ ပန်း၊  ပြီးတော့ … သူရဲ့အနံ့လေးကလဲ ဘယ်ပန်းအနံ့နဲမှ မတူဘူး၊ အဲဒီလိုပန်းကိုပန်ပြီး ကရမှာလေ၊ သူငယ်ချင်းတွေက ပန်းအတုတွေ ပန်ပြီး ကကြမယ်လို့ ပြောတယ်၊ ဒါပေမယ့် ထားရည်က ပိတောက်ပန်းကို အတုအနေနဲ့ မပန်ချင်ဘူး၊ ထားရည် ခေါင်းပေါ်မှာ သစ္စာရှိတဲ့  ပိတောက်ကို  အစစ်အဖြစ်နဲ့ပဲ ပန်ပြီး  ကချင်တယ်၊  အဲဒါကြောင့် ကို့ကို သင်္ကြန်မလည်ခိုင်းတာ …”

ရှင်းကာမှ ပိုရှုပ်သွားတဲ့ ထားရည်ရဲ့ စကားကြောင့် သူခေါင်းကုတ်ရင်း ရေနွေးခွက်ထဲက ရေနွေးကို တဖူးဖူး မှုတ်နေမိတယ်။ ထားရည်က သူ့လက်ကို အသာ ဆုတ်ကိုင်ပြီး …

 “ ပိတောက်ပန်းက  သစ္စာရှိရုံတင်မက နူးညံ့တဲ့ပန်းလေ ကိုရဲ့၊  သူရဲ့အခံဓာတ်က  ထိလွယ် ခိုက်လွယ်တော့  ကြွေလွယ်နွမ်းလွယ်လို့ သနားဖို့လည်းကောင်းတယ်၊ ထားရည်တို့ယိမ်းက မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့ သုံးကြိမ်ကရမှာလေ၊ တစ်ခါက ပြီးတိုင်း ကြွေသွားတဲ့ ပန်းတွေအစား အသစ်ပိတောက်ပန်းလေးတွေကို  ပြန်လဲပြီး  ထားရည် ကချင်တယ်၊  ကြွေသွားတဲ့ပန်းတွေအတွက် ပန်းအသစ်လေးတွေကိုပန်ပြီးကရင်း ပိတောက် အစစ်တွေ ပိတောက်ရနံ့တွေ ထားရည်ခေါင်းမှာ သင်းသင်းပျံ့ပျံ့ဝေနေချင်တယ်လေ ……’’

ထားရည်က ပြောလက်စ  စကားကိုရပ်လိုက်ပြီး သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ထားရည်ရဲ့  လက်ဖ၀ါးလေးကို အသာအယာဘဲ  ပြန်ပြီး   ဆုတ်ကိုင်လိုက်ရင်း  ဆက်လာမယ့်စကားကို  ငြိမ်ပြီး စောင့်နေလိုက်မိတယ်။ ထားရည်က သူကို  ကြည့်နေတဲ့အကြည့်ကို မျက်လွှာလေးချပြီး အသာအယာလွှဲလိုက်တယ်။ ပြီးမှ …. နူးညံ့ညင်သာတဲ့ အသံတိုးတိုးလေးနဲ့ …

“ အဲဒီမှာ  ပိတောက်ပန်း အစစ်တွေ ထားရည်ခေါင်းမှာ  ဝေနေစေဖို့ စင်ထောင့်မှာ ပိတောက်တွေ မနွမ်းအောင် ဂရုတစိုက်  စောင့်ပြီး ထားရည် ကလို့ ပြီးတိုင်း ထားရည်ရဲ့ခေါင်းမှာ သစ္စာရှိပြီး နူးညံ့တဲ့ ပိတောက်ပန်းကို ပန်ပေးရမှာက ထားရည်ရဲ့တစ်သက်တာအချစ်ဦး ပြီးတော့ ထားရည်ရဲ့တစ်ဘ၀တာအချစ်ဆုံး ကို’ကလွဲ လို့ ဘယ်သူမှ မဖြစ်စေချင်ဘူး…’’

နှုတ်ခမ်းစူစူလေးကို  ချွန်နေအောင်ထားပြီး  ကြည်နူးဖွယ်အပြောနဲ့  ရှင်းပြနေတဲ့  ချစ်သူကို ကြည့်ရင်း  သူရင်ထဲမှာ  ချမ်းမြေ့နေတာ ကြောင့် စကားလုံးအနေနဲ့ ဘာတစ်လုံးမှ ထွက်မလာ     တော့ပါဘူး။

“ဘယ်လိုလဲ  ကို…၊ ကိုကို့ သင်္ကြန်မလည်ခိုင်းတဲ့ အကြောင်းကိစ္စကို နားလည်ပြီလား’’

ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံရဲ့ အားတွေဟာ ရင်ထဲ နှလုံးသားထဲအထိ စီးဝင်သွားသလို ခံစားမိလိုက်ရလို့ ချစ်ရတဲ့ သက်ထားရည်ကို သူ ခေါင်းငြိမ့်ပြလိုက်မိတယ်။  ရှက်သွေးအပြည့်နဲ့ ချစ်ရသူရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း စားပွဲခုံပေါ်က အေးစက်နေပြီဖြစ်တဲ့ ရေနွေးခွက်ကို ကုန်စင်အောင် မော့သောက်ပြီးချိန်မှာတော့ ရင်တစ်ခုလုံး အေးချမ်းခြင်းတွေ ပြည့်ဝလို့ပေါ့။

 

 

“ဟေ့ ဆရာကြီး တစ်ယောက်တည်း ဘာတွေ ကြိတ်ပြီး တွေးနေတာလဲ၊ ဒီမှာ  ဈေးခြင်းတောင်းလေး ဘာလေး ကူမပေးပါဦး’’

 ဈေးက ပြန်လာတဲ့ ဇနီးသည်ရဲ့အသံကြောင့်  ဦးလူမော် အတွေးတွေ ရပ်သွားတယ်။ ကုလား ထိုင်ပေါ်ကနေ ထပြီး ဇနီးသည်ရှိရာ ခြံဝ ဘက်ကို လျှောက်သွားလိုက်တယ်။ ဇနီးသည်ရဲ့ လက်ထဲမှာ   ပိတောက်ပန်းတွေ ကိုင်ထားတာတွေ့လိုက်လို့ ၀မ်းသာအားရ  ပြေးသွားလိုက်မိ တယ်။ ဈေးခြင်းကို လှမ်းမယူဘဲ ပိတောက်ပန်းတွေကို လက်ကမ်းလိုက်တဲ့ ဦးလူမော်ကို ဇနီးသည်က လှမ်းကြည့်ပြီး ..

“ဘာလဲ၊ ထီလှည်းက သင်္ကြန်လုလင်သီချင်းသံ ကြားလိုက်သေးတယ် မဟုတ်လား အမှုအယာက ’’

သူ့ကို ကြည့်ပြီး  မေးလိုက်တဲ့  ဇနီးသည်စကားကြောင့်  ဦးလူမော် ပြုံးတုံးတုံးနဲ့   ခေါင်းငြိမ့်ပြ လိုက်ရင်း  ဇနီးသည်ဆီက  ပိတောက်ပန်း တွေအစား  ဈေးခြင်းတောင်းကို အရှက်ပြေ လှမ်းယူ လိုက်တယ်။  မေးလိုက်တဲ့ ဇနီးသည်ရဲ့  ပါးဖောင်းဖောင်းလေး မဟုတ်တော့တဲ့  ပါးဖောင်းဖောင်း ကြီးပေါ်မှာလည်း  ရှက်သွေးရောင်  အရောင်အသွေးကို  ဖုံးကွယ်လို့ မရအောင်  တွေ့လိုက်ရ တာကြောင့်  ခပ်ရွှင်ရွှင်လေသံနဲ့ ဦးလူမော်  ပြန်မေးလိုက်မိတယ်။

 “မင်းရော ကြားလိုက်ရတယ် မဟုတ်လား၊ မလိမ်နဲ့နော်၊ မင်းမျက်နှာမှာ ပေါ်နေတယ်.. ဟင်း …ဟင်း …”

 “ဘာတွေ လာမေးနေတာလဲ၊ ကလေးကလား… သွား သွား၊ ဈေးခြင်းကို နောက်ဖေးမီးဖိုထဲ သယ်သွားတော့ …”

ပြန်ဖြေလိုက်တဲ့  ဇနီးသည်ရဲ့အသံက  ၀တ်ကျေတန်းကျေလေသံမျိုး ဖမ်းထားပေမယ့်  မျက်လုံးထောင့်က ကြည်နူးဖွယ်ရာ အရောင်တစ်မျိုး ဖြတ်စီးသွားတာကိုတော့ ဦးလူမော်  မြင်လိုက်မိပါတယ်။ သူကိုအတင်းတိုးဝှေ့ရင်း အိမ်ထဲဝင်သွားတဲ့ ဇနီးသည်ရဲ့ ခပ်၀၀ ကိုယ်လုံးကြီးကို ကြည့်ရင်း  ဦးလူမော် တစ်ဟားဟား အော်ရယ်ရင်း အိမ်ထဲကို လိုက်ဝင်သွားခဲ့တယ်။ နောက်… မီးဖိုချောင်စားပွဲပေါ် ဈေးခြင်းကို တင်လိုက်ပြီး ဇနိးသည် လက်ထဲက ပိတောက်ပန်းတွေကို လက်လှမ်းယူလိုက်တယ်။

 “အဲဒါ   ပိတောက်အစစ် မဟုတ်ဘူး ကိုရဲ့၊  အတုတွေ၊  ပိတောက်က  အချိန်မှန် မပွင့်တော့ သမီးက  သူ့အခန်းမှာ  သင်္ကြန်ရက်အတွင်းမှာ ပိတောက်ကို အလွမ်းပြေ ချိတ်ထားချင်လို့ဆိုပြီး ၀ယ်ခိုင်းလိုက်တာ၊ တကယ်ကို  အစစ်အတိုင်းဘဲနော်၊ ထားရည်တို့  ခေတ်နဲ့များ ကွာပါ့၊ ဟိုတုန်းက  စက္ကူနဲ့ပဲ ပန်းအတုလုပ်တာ၊   အခုတော့  ပလပ်စတစ်ကို  တကယ်အစစ်နဲ့ ခွဲမရအောင်ကို လုပ်ထားတာ၊  ရော့… ကိုင်ကြည့်ပါလား”

ဇနီးသည်က ပြောလည်းပြော လှမ်းလည်းပေးလိုက်တာကြောင့် အစစ်မဟုတ်တဲ့ ပိတောက်ပန်း အတုတွေကို လှမ်းယူ ကိုင်ကြည့်လိုက်ရင်း …

“ထားရည်ရယ်၊  အခု   ပိတောက်ဟာ  ပိတောက်အစစ်နဲ့  ဘယ်လောက်တူတူ  ငယ်ငယ်က ကို  ထားရည်ခေါင်းမှာ  ပန်ပေးခဲ့တဲ့ ပိတောက်ပန်းအစစ်ရဲ့ ရနံ့တွေကိုတော့ တူအောင်လိုက်တုလို့ ဘယ်လိုနည်းနဲ့မှ ရနိုင်မယ် မထင်ပါဘူးကွာ.. နော်၊ ပြီးတော့သမီးကိုလဲ ပန်းဆိုတာ  အရောင်အသွေးကျတဲ့   အပြင်ဘန်းပုံသဏ္ဍန်  လှပဖို့လိုအပ်သလို အဲဒီထက်  ပိုအရေးကြီးတဲ့ ရနံ့မွှေးတဲ့ပန်း စိတ်ထဲရင်ထဲ ဘယ်လိုမှ ရနံ့မပျယ်နိုင်တဲ့ပန်းမျိုးကို ကိုယ့်ပိုင်အသိစိတ်နဲ့  သေသေချာချာ  သိနိုင်အောင်  ပြောပြထားပါဦး ”

 ဦးလူမော်ပြောလိုက်တဲ့  စကားအဆုံးမှာတော့   ဇနီးသည်  သက်ထားရည်ရဲ့   အတွေးထဲ   ဘယ်တော့မှ   ရနံ့မပျယ်နိုင်တဲ့   သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား အကြောင်းကို သူလိုပဲ တွေးနေမိနေလိမ့်မယ်ဆိုတာ မေးစရာမလိုဘဲ သိနေမိပါတော့တယ်။

 

(မဟေသီမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၃ ခုနှစ်)

လေးစားခင်မင်ခြင်းဖြင့် …..

ညိုရင့်
AMK Creation