အေးချင်တဲ့အခါ စွတ်ရွတ်အေးပြီး ပူချင်ရင် ကျောကော့အောင် ပူတတ်တဲ့ ရာသီဥတုကို ကျွန်တော်တို့တွေ ခံစားနေရတာ အတော်လေး ကြာနေခဲ့ပါပြီ။ သဘာဝ တရားကြီးရဲ့ ဖောက်ပြန်မှုဆိုတော့လည်း ဘယ်လိုမှမတတ်နိုင်ဘဲ အသားတကျ   နေတတ်   အောင်   ကြိုးစားရင်း ခေါင်းငုံခံပြီး နေကြရတာပေါ့။ အဲဒီလို အေးလိုက်ပူလိုက် အပြောင်း အလဲ  မြန်တဲ့ ရာသီဥတုမျိုး ခံစားနေရတဲ့ ရက်တွေထဲက ရက်လေးတစ်ရက်မှာ ဘလော့ဂါ စာရေးဆရာမ မယ့်ကိုးကို ဆရာမမြသွေးနီရဲ့ ခေါ်ဆောင်မိတ်ဆက်ပေးခြင်းနဲ့အတူ AMK ရုံးခန်းမှာ စတင်တွေ့ရှိဖြစ်ခဲ့ပါတယ်။

                     တွေ့ဖြစ်ကြရတဲ့ အကြောင်းရင်းက မယ့်ကိုးက သူရဲ့ Idea Magazine မှာ မတ်၊ ဧပြီ၊ မေ သုံးလဆက်ပါတဲ့ မဂ္ဂဇင်းအခန်းဆက် ၀တ္ထုကို လုံးချင်းအဖြစ်နဲ့ တပေါင်းတစည်း ထဲ ထုတ်ချင်လို့ပါ။ သူထုတ်ချင်တဲ့ စာအုပ်လေးကို Book Making လုပ်ပေးဖို့ AMKကို သူတို့နှစ်ယောက် ရောက်လာပြီး ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

           မယ့်ကိုးက စာအုပ်နဲ့ ပတ်သက်ပြီး သူ့လုပ်ပြီးခဲ့တဲ့ အနေအထားနဲ့ သူဖြစ်ချင်တဲ့ စာအုပ်အတွင်းက စာပိုဒ်တွေအကြောင်းကို ပြောပြ ပါတယ်။ ပြီးတော့ စာတွေ အကုန်ရိုက် ပြီးကြောင်း၊ မျက်နှာဖုံးကို  ကိုယ်တိုင်ဆွဲထားကြောင်းနဲ့ စာအုပ်ကို ဒီလိုပုံစံကဒ်ထူဖုံးမျိုးနဲ့ လုပ်ချင်တယ် ဆိုပြီး သူကျောပိုးအိတ်ထဲက Ken Blanchard နဲ့ Margret McBride တို့ရဲ့ The One Minute Apology စာအုပ်ကို ထုတ်ပြပါတယ်။

          စာအုပ်က အဖြုခံပေါ်မှာ စာရေးဆရာနာမည်တွေကို အနီရောင်နဲ့ရိုက်ထားပြီး စာအုပ်နာမည်ကို ငွေရောင်ဖောင်းကြွလုပ် ရိုက်နှိပ် ထားတာပါ။ စာအုပ်ဆိုရင် ဘယ်လို ပုံစံမျိုးမဆို စိတ်ဝင်စားတတ်တဲ့ ကျွန်တော်အတွက်တော့ အခုလို ရိုးရင်းပြီး လှပကျစ်လစ် တဲ့ စာအုပ်မျိုးဆို ဘယ်လိုမှ မနေနိုင်အောင် စိတ်ဝင်တစားဖြစ်မိပါတယ်။ အဲဒါကြောင့် ဂရုတစိုက်နဲ့ သေသေချာချာ ယူကြည့်နေလိုက်မိပါတယ်။

      (၀န်ခံစရာတစ်ခုက အခုအချိန်အထိ မယ့်ကိုးကို အဲဒီစာအုပ် ပြန်မပေးဖြစ်ခဲ့သေးပါဘူး။  တစ်ယောက်နဲ့ တစ်ယောက်  မကြုံကြတာ မို့လို့ပါ။ အပိုင်လိုချင်လို့ ပြန်မပေးဖြစ်ခဲ့တာ မဟုတ်မှန်း မိတ်ဆွေတို့ ယုံကြည်နေမယ်ဆိုတာကိုတော့ ကျွန်တော်ဘက်က ကြိုတင် ယုံထားလိုက်မယ်နော်။)

    နောက် မယ့်ကိုးက သူ့ကျောပိုးအိတ်ထဲက တက်ပလက်လေးထုတ်ပြီး သူကိုယ် တိုင် ရေးဆွဲထားတဲ့ မျက်နှာဖုံးပုံလေး ထုတ်ပြတယ်။ ကျွန်တော် တဒင်္ဂ မင်တက်သွား မိတယ်။ မျောလွင့်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မိန်းမပျိုရဲ့ နောက်ကျော။   ခြေထောက် အထိ ဖုံးအုပ်နေတဲ့ ခရမ်းရောင် ဂါဝန်ရှည်နဲ့အတူ မျောလွင့်နေလိုက်တာ။ တကယ်က ကျွန်တော်ပါ မျောလွင့်သွားမိတာ။

         “ မယ့်ကိုးက နှစ်ပတ်လောက်ဘဲ အချိန်ရတာ၊ အဲဒါ သူစင်္ကာပူမပြန်ခင် စာအုပ်အပြီး ထွက်အောင်လုပ်ပေးလို့ ရမလား ” ဆိုတဲ့ ဆရာမမြသွေးနီရဲ့ လှမ်းမေးလိုက်သံကြောင့် ကြည့်လက်စစာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး  ပြန်ဖြေဖို့ ကျွန်တော်စဉ်းစားလိုက်ပါတယ်။ ပြီးမှ “၁၄-ရက်နဲ့တော့ မဖြစ်နိုင်လောက်ဘူး” ဆိုပြီး စာအုပ်တစ်အုပ်အတွက် လိုအပ်တဲ့ အချိန်နဲ့ လုပ်ရမယ့်အလုပ် အဆင့်တွေကို ရှင်းပြရင်း ပြန်ဖြေခဲ့ပါတယ်။ အချိန်တိုအတွင်း မဖြစ်ဖြစ်အောင် စာအုပ်ထွက်လို့ရနိုင်ပေမယ့် စာအုပ်ထွက်ပြီးမှ လိုအပ်ချက်တွေ ရှိနေမှာ မျိုး ကျွန်တော်မဖြစ်ချင်ဘူး။

    ကျွန်တော်ပြန်ဖြေသံအဆုံးမှာတော့ မယ့်ကိုးက စာတွေကို သူကိုယ်တိုင် စစ်ပေးမယ်။  ကောက်စာ ထုတ်ရမယ့် စာမျက်နှာတွေ၊ နောက် ၀တ္ထုထဲမှာပါတဲ့ ၀တ္ထုရေး သူက  ပြန်ရေးတဲ့ စာသားတွေကို Italic နဲ့ လုပ်မှာတွေကိုလဲ သူကိုယ်တိုင်ဘဲ AMK ရုံးခန်းမှာပဲ လာလုပ်ပေးမယ်လို့ ၀င်ပြောလာပါတယ်။  စိတ်အားထက်သန်စွာ   ပြောနေတဲ့ မယ့်ကိုးကို ကြည့်ပြီး ဘာပြန်ပြော ရမှန်းမသိဖြစ်နေတဲ့ ကျွန်တော်အတွက် ဆရာမ   မြသွေးနီရဲ့ “ ဖြစ်နိုင်ရင်  လုပ်ပေးလိုက်ပါ” ဆိုတဲ့  တိုက်တွန်းသံက  (အမိန့်ဟု မယူဆစေ ချင်ပါ။) “ဟုတ်ပြီလေ၊ အတတ်နိုင်ဆုံး ၁၄-ရက်နဲ့ မီအောင်ကြိုးစား ကြည့်ပေးပါမယ်” ဆိုတဲ့ ခေါင်းငြိမ့်လိုက်စေမယ့် ဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့ပါတယ်။

        ဘယ်လိုစာအုပ်မျိုးကိုမဆို အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့ ကျွန်တော့်အတွက်တော့ ငါလုပ်ပေးလို့ မကောင်းရင်ဆိုတဲ့ ရင်ပူစရာအလုပ်ကို လက်ခံ လိုက်မိသလားဆိုတဲ့ အတွေးက စိတ်ထဲကို အလိုလို ရောက်လာတော့တယ်။  ရာသီဥတုက လည်း အေးနေ ရာကနေ ရုတ်တရက် ပူလာလို့ ရုံးခန်းပြူတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။

  ရုံးခန်းအပြင်ဘက်မှာတော့ ပြူတင်းပေါက်မှန်တံခါးကို တိုးဝှေ့နေတဲ့   နေ့လည်ပိုင်း ကျနေက ခြစ်ခြစ်တောက် ပူပြင်းလို့နေပါတယ်။

 

 

            နောက်တစ်နေ့ ……………..

            ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၃-ရက်။

        မယ့်ကိုး AMK ရုံးခန်းကို ရောက်လာပါတယ်။ သူစာအုပ်အတွက် စာလုံးပေါင်းတွေ၊ အထားအသိုတွေ၊စာလုံးဖောင့်တွေ ပြင်တာ ဖြုတ်တာတွေကို ရုံးက ဒီဇိုင်းနာနဲ့အတူ စလုပ်   ဖြစ်ကြပါတယ်။ နေ့လည်ပိုင်းရောက်ချိန်မှာ အကြမ်းအားလုံး ပြီးသလောက်ကို   ပြန်စစ်ဖို့ ဆိုပြီး ကွန်ပျူတာ Printထုတ်၊ အိမ်မှာထပ်စစ်မယ်ဆိုပြီး ကျွန်တော်နဲ့ စကား ခဏပြောဖြစ် ခဲ့ပါတယ်။ ပြီးတော့ အားလုံးကိုနှုတ်ဆက်၊ ကျောပိုးအိတ်   ကောက်လွယ်ပြီး    ပြန်သွား ပါတော့တယ်။

        နောက်တစ်နေ့ ….

        နောက်တစ်နေ့ ………….

          စာလုံးဖောင့်တွေ မကြိုက်လို့ ပြန်ပြင်၊ ပြန်စစ်၊ကိုယ်တိုင်ဆွဲထားတဲ့ မျက်နှာဖုံးအတွက် လိုအပ်တဲ့အရောင်တွေအတွက် တိုင်ပင်ဆွေးနွေး။ မယ့်ကိုးဟာ မမောနိုင်မပန်းနိုင် သူစာအုပ်လေးအတွက်လုပ်နေရင်း ခဏတာအားချိန်လေးမှာ အအား မနေဘဲ သူရဲ့ တက်ဘလက် လေးကို ထုတ်ပြီး စာထိုင်ရေးနေတာကို   တွေ့နေရပါတယ်။

         (အဲဒါကြောင့်လဲ သူမပြန်ခင်အချိန်လေးအတွင်းမှာ “စောင့်ကြည့်နေသော မျက်ဝန်းများ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို သင့်တော်တဲ့ မဂ္ဂဇင်းတိုက်တစ်တိုက်ကို ပို့ပေးဖို့  ကျွန်တော်ကို ပေးခဲ့နိုင်ပါသေးတယ်။)

          နောက်… စာရေးလို့အာရုံမရချိန်မျိုးမှာ စာပေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို   ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီမှာ မယ့်ကိုးရင်ထဲက စာပေအပေါ် သူထားရှိတဲ့ အမြင်ကို နားလည်ခွင့်ရခဲ့ပြန်ပါတယ်။ အဲ့ဒီမယ့်ကိုးက ပုံပြင်တွေကို ချစ်မက်တတ်တဲ့ မိန်းမပျို တစ်ယောက်လဲ ဖြစ်နေပြန်တာကို “ ကလေးတွေအတွက် အင်္ဂလိပ်လို ရေးထားတဲ့ ပုံပြင် စာအုပ်တွေလဲ ထုတ်ချင်သေးတယ်” ဆိုတဲ့ သူ့အပြောအရ သိရပြန်တယ်။

        ခြေခေါက်လဲလို့ ပတ်တီးစည်းထားတဲ့ ခြေထောက်ကိုတောင် ဂရုလုံးဝမစိုက်ဘဲ   ထော့နင်းထော့နင်းနဲ့ ရောက်အောင်လာပြီး ရက်ဆက် လုံးဝမနားပဲ မယ့်ကိုးဟာ အသင် နားမလည်နိုင်သော မိန်းမတစ်ယောက်ကို အကောင်းဆုံးထွက်ရှိနိုင်အောင် တစ်စိုက် မတ်မတ်  အာရုံစိုက်ပြီးလုပ်နေတာကို ကျွန်တော် မြင်နေရပါတယ်။

               အဲဒီလိုနဲ့ ………………………

              ၂၀၁၂ခုနှစ်။ ဒီဇင်ဘာ ၈-ရက်၊

     မယ့်ကိုးဟာ “အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်”ကို သူ့ဘက်က လုပ်နိုင်သမျှ အကောင်းဆုံး အားသွန်ပုံဖော် ထုဆစ်ပေးခဲ့ပြီး သပ်ရပ်လှပတဲ့ စာအုပ်ဖြစ်   အောင် အချိန်မီရိုက်နှိပ်ချုပ်လုပ်နိုင်ဖို့အတွက် ကျွန်တော့်လက်ထဲ အပ်ခဲ့ပါတော့တယ်။

           ရင်ထဲကလေးနက်တဲ့ ၀ါသနာအရင်းခံစိတ်ကို အခြေပြုပြီး ဖြစ်ချင်ရောက်ချင်တဲ့   နေရာဆီ စေတနာကို ထပ်ဆောင်းထည့်ရင်း အချိန်တိုလေးအတွင်း   ရောက်အောင် သွားနိုင်ကြတဲ့ လူတစ်ချို့ကို ကျွန်တော်တွေ့ခဲ့ကြုံခဲ့ဘူးပါတယ်။

           မယ့်ကိုးဟာ အဲဒီလို ရှားပါးတဲ့ လူတစ်ချို့တွေထဲက လူတစ်ယောက်လို့ ကျွန်တော် သတ်မှတ်လိုက်ပါတယ်။ မယ့်ကိုးမှာ သူမတူတဲ့၊ သမရိုးကျမဟုတ်တဲ့  အနုပညာဖန်တီး မှုတွေ ရှိနေတာကို ကျွန်တော် ခံစာသိရတယ်။ သူက ပေးဆပ်မှုတစ်ခုအတွက် ပြန်လည်   မျှော်လင့်တတ်သူမျိုးလဲ မဟုတ်ပြန်ဘူး။ ထူးခြားတဲ့ အနုပညာဖန်တီးမှုတွေ၊ ဆန်းကျယ် တဲ့ အတွေးကောင်းတွေ၊ သူ့ခန္ဓာကိုယ်ထဲ စီးမျောပျော်ဝင်နေတဲ့ လူငယ်အမျိုးသမီး တစ်ယောက်လဲ   ဖြစ်နေပြန်တယ်။

            မယ့်ကိုးအတွက် “အနုပညာလျှောက်လမ်းပေါ်မှာ ရင်ထဲက ဖန်တီးနိုင်တဲ့ အနုပညာတွေကို လွတ်လွတ်လပ်လပ် မွေးထုတ်ရင်း စာပေလမ်းကြောင်းမှာ Carry On ဆက်လျှောက်လှမ်းပါ ညီမလေးရေ” လို့ ပြောယုံမှတပါး ကျွန်တော့်ဘက်က ပြောစရာ   နောက်ထ ပ် စကားအပို မရှိတော့ပါဘူး။

         

 

 

 

 

“အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်” ကို
ကျွန်တော် သေချာ နားလည်သွားချိန်မှာတော့ အပြောင်းအလဲမြန်တဲ့ ရာသီဥတုဟာ ကျွန်တော့်အတွက် အအေးအပူမျှတသော
ပုံမှန်ရာသီဥတုအဖြစ် ခံစားနိုင်ခဲ့ပါပြီ”

“ အသင်နားမလည်နိုင်ရင် မယ့်ကိုးရဲ့ ရေးဖွဲ့ထားတဲ့ စကားလုံးတွေမှာ စီးမျောပျော်ဝင် ခံစားကြည့်လိုက်ပါ။
အသင် နားလည်နိုင်လာပါလိမ့်မယ် ”

 

   လေးစားခင်မင်ခြင်းဖြင့် …..

ညိုရင့်
AMK Creation