ကျွန်တော်စာရေးတဲ့အခါ ကလောင်နာမည် “ညိုရင့်”နဲ့ ရေးပါတယ်။ AMK Creationရဲ့ အလုပ်တွေမှာ၊ စာပေနယ်ပယ်မှာ ကျွန်တော့်ဆရာတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို “ မော်ကြီး” လို့ပဲ ရင်းရင်းနှီးနှီး ခေါ်ကြပါတယ်။ ကျွန်တော် စိတ်ကူးပေါက်ရင် စာရေးဖြစ်ပါတယ်။ ကဗျာရေးဖြစ်ပါတယ်။ အချိန်တိုင်းမှာ သေသပ်လှပတဲ့ စာအုပ်လေးတွေ ဖန်တီးဖို့ပဲ ကျွန်တော့်ရဲ့ အတွေးထဲမှာ စီကာစဉ်ကာ ရှိနေတတ်ပါတယ်။
စာပေနယ်ပယ်မှာ နာမည်ဘာမှမရသေးတဲ့ စာပေ၀ါသနာရှင် လူငယ်တစ်ယောက်၊ စာမူကြမ်းလေးတွေ ကိုင်ပြီး ထုတ်ဝေသူဆီ တစ်တိုက်ဝင်တစ်တိုက်ထွက် စာအုပ်ထုတ်ပေးဖို့ လိုက်ရှာ၊ မျှော်လင့်ချက်တွေက ဖျော့တော့တော့လေးတောင် တုန့်ပြန်မရရှိခဲ့။ စိတ်ကူးတွေ ပြိုလဲခဲ့။ အိပ်မက်တွေ ပျောက်ဆုံးခဲ့…။
နောက်တစ်ခါ စာအုပ်ထုတ်ဖို့ စုထားတဲ့ ငွေလေးနဲ့ မရဲတရဲ ပုံအပ်ခဲ့တယ်။ မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ စိတ်ကူးအိပ်မက်တွေ ညစဉ်ရက်ဆက် မက်ခဲ့တယ်။ အိပ်မက်တွေက ဆပ်ပြာပူဖောင်းလို ဖောက်ခနဲ ပျောက်သွား။ ခံစားချက်တွေက အတိုင်းအဆမရှိ။
အငှားခံစားခဲ့ဘူးတဲ့ ဒီခံစားချက်လေးတွေက စာမူကြမ်းလေးသာ လက်ထဲကိုင်လို့၊ စာအုပ်တစ်အုပ် ဘယ်လို ဖန်တီးရမယ်မှန်း မသိတဲ့ စာပေ၀ါသနာရှင်များအတွက် အရိုးသားဆုံးနဲ့ အတောက်ပဆုံး ဖန်တီးပေးဆပ်ချင်မိတဲ့ စိတ်တွေက ရင်နဲ့အမျှ အုံကြွ။ အဲ့ဒီ စိတ်အခံက AMK Creation ကို အခက်အခဲတွေကြားက ဇွဲနဘဲနဲ့ ဖူးပွင့်စေခဲ့တယ်။ AMK Creation ရဲ့ စိတ်၊ ကိုယ်နဲ့နှစ်ပြီး လှပ၊ သေသပ်၊ တန်းဘိုးသင့်တဲ့ အနုပညာတွေ ဖန်တီးထုဆစ်ဖြစ်ခဲ့တယ်။
“ သက်တံဆယ်စင်း”…တဲ့။
စိတ်၊ ကိုယ်၊ အချိန်နာရီများ၊ ဖန်တီးမှုများစွာနဲ့ မွေးဖွားခွင့်ရခဲ့ပြန်ပါပြီ။ အဲ့ဒီ အခွင့်အရေးကို ယုံကြည်စိတ်ချစွာ ပေးခဲ့တဲ့ ဘလော့ဂါကိုရန်အောင်ကိုလည်း AMK Creationက မှတ်မှတ်ရရ ရင်မှ ကျေးဇူးမှတ်တမ်း တင်မိပြန်ပါပြီ။ ပြည်ပက ထုတ်ဝေသူနဲ့ AMK Creation အကြား အစစ လိုအပ်သမျှ ပါဝင် ဖြည့်ဆည်းပေးခဲ့တဲ့ အိမ်သူ မြသွေးနီကိုလည်း ကျေးဇူးစကား မမေ့မလျော့ ပြောသင့်တယ် ထင်ပါရဲ့ဗျာ..။
သေသပ်လှပတဲ့ လက်ရာများနဲ့ ထုံမွှမ်းထားတဲ့ စာအုပ်လေးတစ်အုပ်များ ဖတ်နေခွင့်ရရင်၊ အဲ့ဒီအချိန် ကျန်တာဘာကိုမှ ကျွန်တော် မမျှော်လင့်မိတော့ပါဘူး။
***
စာမူကြမ်းများ စာစစီ
အတွင်းသရုပ်ဖော်ပုံများ ပန်းချီဆရာမှ ဖန်တီးစဉ်
အတွင်းစာမျက်နှာများLayout
အဖုံးတွေအဆင်သင့်ဖြစ်ပြီ
စာရေးဆရာဆောင်းဝင်းလတ်မှ
“သက်တံဆယ်စင်း” ကို ဖတ်ရှုနေစဉ်
စာရေးဆရာရဲသျှမ်းမှ
“သက်တံဆယ်စင်း” သို့ စိတ်ဝင်တစား
ကြော်ငြာအတွက် ဗီနိုင်းပိုစတာများ
ကြေးမုံသတင်းစာကြော်ငြာ
ထုတ်ဝေသူ ဘလော့ဂါကိုရန်အောင်အတွက် “ သက်တံဆယ်စင်း”
AMK Creationမှ ဖန်တီးစီစဉ်ပေးသည်။
ညိုရင့်
AMK Creation
သက်တံဆယ်စင်းရဲ့ဒီဇိုင်းက ရှင်းလင်းပြီး တော်တော် အတွေးအခေါ်ကောင်းပါတယ်။ သက်တံဆယ်စင်းရဲ့ စာဖတ်သူပရိတ်သတ်တစ်ယောက်အနေနဲ့လာမန့်တာပါ။
ကိုမော်ကြီးရဲ့ မိတ်ဆက်နိဒါန်းမှာလဲ မန့်ထားပါတယ်။
စေတနာပါပါနဲ့ အပင်ပန်းခံ ကျိုးစားပေးထားတဲ့ စာအုပ်လေးအတွက် သိပ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ စာအုပ်လေးတွေ လက်ထဲရောက်လာချိန်မှာ သပ်သပ်ရပ်ရပ် လှလှပပလေး မြင်ရတာ ပိုပြီး ဝမ်းသာ ပီတိဖြစ်ရပါတယ်။
ကျေးဇူးပါဆရာရေ….။
(ဘလော့ဂ်တွေနဲ့အဆက်ပြတ်နေလို့ ကွန်မန့်လာရေးမယ်ဆိုပြီး တေးထားရဲ့နဲ့ကို နောက်ကျသွားတာ ခွင့်လွှတ်ပါခင်ဗျာ)
စာပေချစ်တတ်သူရဲ့ စေတနာက စာအုပ်မျက်နှာဖုံးမှာတင် ထင်ဟပ်နေပါတယ် .. အားပေးနေပါတယ် အကို AMK ..း)
မင်္ဂလာပါခင်ဗျာ
ကျွန်တော် အွန်လိုင်းကို သိပ်အသုံးမပြုဖြစ်ပါဘူး။ အခုလိုအွန်လိုင်း
ရောက်တုန်း တုန့်ပြန်အားပေးထားတာတွေ ဖတ်လိုက်ရတော့ ၀မ်းသာကြည်နူးမိရပါတယ်။ ကျွန်တော့်ရဲ့အားထုတ်မှုတွေအပေါ်
ကောင်းသည် ဆိုးသည် ဝေဖန် အကြံပေးသမျှ လေးစားစွာ လက်ခံချင်ပါတယ်။ နောက်ထပ် ဖန်တီးမှုအသစ်တွေ အတွက်လည်း ဆက်လက်ပြီး ဝေဖန်သုံးသပ်ပေးကြပါဦးခင်ဗျာ။
အားလုံးကို ခင်မင်လေးစားလျှက်
ညိုရင့် (မော်ကြီး)
AMK Creation
AMK အောင်မြင်ဖို့ ကျွန်တော်ဆုမွန်တောင်းလိုက်ပါတယ် ကိုမော်ကြီးး)
ကိုမော်ကြီးရေ…
စိတ်ထဲက ရင်းနှီးနေလို့ ကော်မန့်ကို အေးဆေးနောက်မှရေးမယ်ဆိုပြီး ခဏနှပ်ထားလိုက်တာ ကျွန်တော် ကိုမော်ကြီးကို လျစ်လျူရှုလိုက်သလို ဖြစ်သွားခဲ့ရတယ်.
ဒီစာအုပ်လေးကို ကိုယ်ပိုင် စာအုပ်လေးသဖွယ် ကိုယ်စွမ်းဥာဏ်စွမ်း စိုက်ထုတ်ခဲ့ပြီး အပင်ပန်းခံ အကောင်အထည်ဖော်ပေးခဲ့ကြတဲ့ ကိုမော်ကြီးနဲ့ မမြသွေးနီတို့ကို ကျွန်တော့်ရင်ထဲ အမြဲတမ်း မှတ်မှတ်ရရ ရှိနေပါတယ်.
ဒါကြောင့်လည်း နောက်နောင် ကျွန်တော်ဆက်လက်ထုတ်ဝေသွားမယ့် စာအုပ်တွေကို ကိုမော်ကြီးရဲ့ AMK Creation နဲ့ပဲ ဆက်လုပ်ဖြစ်သွားမှာ ဖြစ်သလို ကျွန်တော့်ဆီကို လာမေးမြန်းစုံစမ်းကြတဲ့ စာအုပ်ထုတ်ဝေချင်သူတွေကိုလည်း AMK ကိုပဲ လွှတ်လိုက်မှာပါ.
(ကော်မရှင်ခတွေတော့ နောက်မှ နားလည်မှုနဲ့ ရှင်းပေးပေါ့ဗျာ.. နော့.း)))
ကျွန်တော် ရန်ကုန်ပြန်လာဖြစ်တဲ့တစ်နေ့ကျရင် ကိုမော်ကြီးတို့မိသားစုနဲ့ အေးအေးဆေးဆေး တွေ့ဆုံချင်ပါသေးတယ်.
ပျော်ရွှင်အောင်မြင်တဲ့ အနုပညာလမ်းကြောင်းလေးကို ဆက်လက်လျှောက်လှမ်းနိုင်ပါစေ ကိုမော်ကြီးနဲ့ မမြသွေးနီတို့ရေ…
ခင်မင်လေးစားလျက်
ရန်အောင်.
သက်တံ ဆယ်စင်းလေးကို လှလှပပ ပုံဖော်ခြယ်မှုန်းပေးထားတာ စာပေချစ်သူတစ်ယောက်ရဲ့ လက်ရာမှန်း သိသာလှပါတယ်။
AMK Creation ရော သက်တံဆယ်စင်းလေးရော ထာဝစဉ်ထွန်းလင်းတောက်ပပါစေလို့ ဆုမွန်များစွာဖြင့်…
စာတစ်အုပ် ဖြစ်လာပုံကို အသေးစိတ်မြင်လိုက်ရသလို၊ ဖန်တီးသူရဲ့ စေတနာကိုလည်း အထင်းသားမြင်ရတဲ့အတွက် လေးစားမိပါတယ်။
သက်တံဆယ်စင်း လင်းလက်နေပါစေ။
Ambition, Making နဲ့ Knowledge တွေ Good, Perfect, Wide ဆိုတာ ယုံမှားသံသယ မရှိနိုင်တော့ပါဘူး။
Bless you !
ရင်ထဲမှာ ပီတိတွေဖြာနေတော့ပါပဲ ဆရာရေ…
ဒီစာကိုရှဲခွင့်ပြုပါ။ မလေး ဒီဆိုက်ကို ခရက်ဒစ်ပေး၊ လင့်ခ် လုပ်ပါမယ်ရှင်။
ကျေးဇူးတင်စွာဖြင့်..
ကိုမော်ကြီးကို ဖုန်းဆက်ပြောပြလိုက်ပါတယ် မလေးရေ…
ခွင့်မပြုနိုင်စရာ မရှိပါဘူးတဲ့၊ ၀မ်းမြောက်စွာ ခွင့်ပြုပါတယ်..
ခွင့်တောင်းတဲ့ မလေးရဲ့စိတ်ကိုလည်း လေးစားမိကြောင်း မလေးကို ပြောခိုင်းပါတယ်…။
တစ်ကယ့်ကိုပဲ ရင်ထဲကစေတနာနဲ့ ..အောင်မြင်စွာ ပေါ်ထွက်လာတဲ့ သက်တံဆယ်စင်းအတွက် ဂုဏ်ယူပါတယ်အကိုရေ…
အစ်ကိုမော်ကြီးရင်ထဲက အွန်လိုင်းစာရေးသူတွေအပေါ်ထားတဲ့ နားလည်မှုနဲ့ စာရေးသူချင်းတွေအပေါ်ထားတဲ့ စာနာမှုတွေကို ဒီစာလေးထဲမှာ တွေ့လိုက်ရပါတယ်။ ကျေးဇူးပါအစ်ကိုမော်ကြီးးးး
AMK ဆက်လက် အောင်မြင်ပါစေရှင်….