AMK Creation

We will build up your dream!

 

 

ပိတောက်ရဲ့သစ္စာကို ကြည်ညိုနေတဲ့ကောင်

များလွန်းတဲ့ မသေချာမှုတွေကြား
သေချာမှုတစ်ခုက
တံခါးကို တွန်းဖွင့်လိုက်ပြီ
သင်္ကြန် ………… တဲ့။

 

တစ်နှစ်ကို တစ်ခါရောက်
အ၀ါရောင်သွေး ပိတောက်အလှတွေက
ရနံ့ဝေရုံသက်သက် ရောက်ဖြစ်ခဲ့တာ မဟုတ်ဘူး။

စစ်ပြီးခေတ် အေ၀မ်းဆရာညှာရဲ့
ပြည်တော်ဝင် သီချင်းတစ်ပုဒ်ရဲ့
သင်္ကြန်ကို လှုပ်နှိုးခဲ့သံ
ကိုယ့်ရင်အုံကို နင့်နင့်သည်းသည်း ခံစားသက်ဝင်ခဲ့။

(အခါတော်ရောက်ချိန် နီးလို့လာပေ
ဒေါ်ဒေါ် မမ နှမတို့ရေ ….
အသည်းစွဲချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ …)၂
ပြည်တော်ဝင်မယ်လေ …။

ညိုရင့်

“သင်္ကြန်လေညှင်းလုလင် မြူးရွှင်တော့ပေ….. ပိတောက်တွေထုံတဲ့ဝတ်မှုံ …… ၀တ်ဆံကြားတွင် …၀တ်ရည်ဆွတ်ဖျန်းလို့သာ….. ဖြတ်သန်းကာ ကြိုင်လန်းစွာ….. ငွေငန်းကို ကြိုလာပါတော့လေ ’’

လမ်းထိပ်ဘက်က၀င်လာတဲ့  ထီရောင်းတဲ့လှည်းဆီက သီချင်းသံကို  ကြားလိုက်ရ တာကြောင့် ဦးလူမော် လက်ထဲက  ဖတ်လက်စ ဂျာနယ်ကို  ဘေးကခုံပေါ် တင်လိုက်ပြီး  နားစွင့်ထားလိုက် မိတယ်။  ခြံထဲက ပိတောက်ပင်ကိုလည်း အဖူးအငုံလေးတွေ  ထွက်စပြုလာပြီလား ဆိုတဲ့ စူးစမ်းကြည့်နဲ့ အသေအချာလိုက် ကြည့်နေမိပြန်တယ်။  ရာသီဥတုဖောက်ပြန်မှုကြောင့် ပိတောက် ကိုယ်တိုင် ပွင့်နိုင်အားမရှိတော့တာမို့ အသေးအမွှား အဖူးအစအနလေးတောင် ပိတောက်ပင်ပေါ် မတွေ့ရသေးပေ။

ဟိုးအရင်  ဦးလူမော်တို့ငယ်စဉ်က အခုလို သင်္ကြန်နီးလာချိန်မျိုးဆိုရင် ရပ်ကွက်ထဲမှာ  သံချပ် အဖွဲ့တွေဆီက  သင်္ကြန်ဒိုးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြား နေကြရမြဲ။  သင်္ကြန်လက်ဆေး မိုးက လည်း  နှစ်စဉ်အချိန်မှန်မှန်ရွာတာကြောင့်  ပိတောက်ပင်ထက်က  ပိတောက်အဖူး အငုံတွေ ဆီက  ပိတောက်ရနံ့တွေ ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်မြဲပင်။

ယခုတော့  မနက်ဖြန်ပင် သင်္ကြန်အကြိုနေ့ ရောက်တော့မည်ဖြစ်သော်လည်း  ပိတောက်က အလည်ရောက်မလာဘဲ  ပျောက်ချက် သားကောင်းနေခြင်းကို တွေးမိရင်း ဦးလူမော် စိတ်မကောင်းဖြစ်နေမိ၏။

“ ဟင်း ….’’

သက်ပြင်းတစ်ချက်အလိုအလျောက်ပင် ဦးလူမော်ရင်ထဲက  ထွက်သွားမိ၏။ ထီလှည်းက အိမ်နဲ့ တစ်ဖြည်းဖြည်းနီးလာလို့ ဖွင့်ထားတဲ့ သီချင်းသံက  နားထဲသို့ ပိုမိုကျယ်လောင်စွာ ၀င်ရောက် လာ၏။  ပက်လက်ကုလားထိုင် အနောက်ဘက်ကို ခေါင်းမှီလိုက်ပြီး  မျက်စေ့ကိုအသာ မှိတ်ထားကာ ပီပီပြင်ပြင်ကြားနေရတဲ့ သင်္ကြန်လုလင်’သီချင်းကို စိတ်ပါလက်ပါ အင်္သထွက်ပြီး လိုက်ညည်းနေမိတယ်။

“ဘယ်သူတွေ….   ထိုလေပြေကိုစေ …  ဟောဒီ   ရေနန်းဗိမာန်  ငွေငန်းဓိဋ္ဌာန်   ရောက်ပြန်ပြီလေ …၊ နှစ်ဦးဂီတလက်ဆောင်… ပျော်အောင်လေ… တာဝန်ကျေ… လှပေါင်းခတဲ့ ဒို့မေ …. လှပေါင်းခတဲ့ ဒို့မေ …’’

 

“လှပေါင်းခတဲ့ ဒို့မေ …. လှပေါင်းခတဲ့ ဒို့မေ….. လောင်းမှာလား ….  သင်္ကြန်ရေ … ရွှဲအောင်လောင်းမေ …. မာပါစေ ……….. ’’

သီချင်းသံနဲ့အညီ ကနေတဲ့  ရန်ကုန်တက္ကသိုလ်  မြန်မာစာဌာန ယိမ်းအဖွဲ့ထဲက ချစ်ရသူကို တစ်လှည်၊့ မနွမ်းအောင်နဲ့ ကြွေမသွားစေဖို့အတွက်  သတင်းစာစက္ကူပတ်ပြီး  ပလပ်စတစ်ထဲ ထည့်ထားတဲ့ လက်ထဲက ပိတောက်ပန်းတွေကို တစ်လှည့်ကြည့်ရင်း စင်ထောင့်မှာ ရပ်နေတဲ့ သူကို ခင်မင်နေကြတဲ့ အကြောင်းသိ သူငယ်ချင်းတွေက ပြုံးစေ့စေ့နဲ့ ကြည့်နေကြတယ်။

သူကလဲ  ပြန်ပြုံးပြရင်း လက်ထဲက ပိတောက်ပန်းတွေကို ရင်နဲ့ကပ်ထားလိုက်မိတယ်။

စင်ပေါ်မှာကနေတဲ့  သွယ်လှတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်သူကိုကြည့်ရင်း  သူရင်ထဲမှာ သင်္ကြန်ရေကြောင့်  အေးတာထက် ပိုတဲ့ အေးချမ်းမှုတွေ စီးဝင်နေတာကို ခံစားနေရပါတော့တယ်။

နောက် ချစ်ရသူသက်ထားရည်နဲ့ သင်္ကြန်မကျခင် သင်္ကြန်ယိမ်းအတွက် အကတိုက်နေတုန်းကေ တာင်ငူဆောင်ရှေ့ အရှည်ကြီး ကန်တင်းမှာထိုင်ရင်း ပြောခဲ့တဲ့ စကားသံတွေကိုလည်း ပြန်ပြီး သတိရနေမိတယ်။

ရင်မှာကပ်ထားတဲ့  ပိတောက်ပန်းတွေကို  သူရဲ့လက်နဲ့ ချစ်သူခေါင်းမှာ ပန်ဆင်ခွင့်ရစေခဲ့တဲ့ အကြောင်းရင်းအစ ဖြစ်နေတာကြောင့် ချစ်ရသူ သက်ထားရည် သူကို ပြောခဲ့တဲ့စကားနဲ့ အမှုအယာအစအဆုံးကို ရင်ထဲမှာအလွတ်နီးပါး   မှတ်မိဖြစ်နေတာပေါ့။

 

 “ထားရည်တို့ ကမယ့် ကျောင်းကပွဲမှာ လာစောင့်ပေးရမှာမို့ ဒီနှစ်သင်္ကြန် ဘယ်ကိုမှ လည်ဖို့ စိတ်မကူးနဲ့တော့ …  ’’

“လုပ်ပြီ  ထားရည်ကတော့  အစောကြီးက ပြောရောပေါ့၊  အဲလိုမျိုး ကြိုသိထားရင် မျိုးသန့်တို့ကို ကားလည်ဖို့ ဘယ်ပြောထားမလဲ၊ အခုတော့ ကားငှားဖို့ ဖျက်ခိုင်းလိုက် ရတော့မှာပေါ့၊  ဟုတ်လား’’

မျက်လုံးပြူးပြူးလေးနှစ်လုံးက  ၀ိုင်းဝိုင်းစက်၊  နောက်…. ပါးဖောင်းဖောင်းလေးနှစ်ဖက် ပန်းနီရောင်သန်းနေတဲ့  ချစ်မက်ဖွယ်မျက်နှာပိုင်ရှင်  ချစ်ရသူ  သက်ထားရည်စကားကြောင့်  သောက်လက်စ လက်ဖက်ရည်ခွက်ကို အသာပြန်ချထားလိုက်ရင်း သူပြန်မေးလိုက်မိတယ်။

သူ့အမေးကို  ခေါင်းငြိမ့်ပြလိုက်ရင်း သက်ထားရည်က ..

“ဖျက်လိုက်ပါ ကိုရာ၊ အရင်ကလည်ဖို့ ခွင့်ပြုထားပေမယ့် အခုကိစ္စပေါ်လာလို့ပါ’’

“ကိစ္စဟုတ်လား၊ ဘာကိစ္စများ ပေါ်လာလို့လဲ ထားရည်ရဲ့၊ ပြောပြစမ်းပါဦး”

“အင်း… ဒီနေ့မှ  အကတိုက်တဲ့  ဆရာမကပြောတယ်၊  ထားရည်တို့မေဂျာက  ယိမ်းကမယ့်   ကျောင်းသူတွေ  အားလုံး ပိတောက်ပန်း ပန်ပြီး ကရမယ်တဲ့၊  အဲဒါကြောင့်  ကို’သင်္ကြန်လည်မှာကို ဖျက်ခိုင်းလိုက်တာပေါ့”

ထားရည် ပိတောက်ပန်း  ပန်ပြီးကရမယ့်အတွက် သင်္ကြန်လည်ဖို့  ဖျက်ပေးရမှာကို  သူစဉ်းစားလို့ မရဘူးဖြစ်နေတယ်။  ပထမတုန်း ကတော့  သူလည်း   သူငယ်ချင်းတွေနဲ့အတူ   ကားနဲ့လည်၊ ထားရည်ကလည်း ကျောင်းကပွဲမှာ  က၊   သူတို့ကားနားချိန်   နေ့လည်ပိုင်းကြမှ ထားရည်တို့ကတဲ့ မဏ္ဍပ်မှာ ဆုံပြီးထမင်းစားဖို့ စီစဉ်ထားတာလေ။

နားမလည်သလိုဖြစ်သွားတဲ့ သူ့ပုံစံကိုကြည့်ပြီး သက်ထားရည်က ပြုံးလိုက်တယ်။ ပြီးတော့ ရှေ့က သူသောက်လက်စ  လက်ကျန် လက်ဘက်ရည်ခွက်ကို လှမ်းယူပြီး အကုန်မော့သောက် လိုက်တယ်။ နောက် ကုန်သွားတဲ့ လက်ဘက်ရည်ခွက်ကို ရေနွေးနဲ့ ကျဉ်းပြီး ဆေးလိုက်ရင်း   ရေနွေးခရားထဲက ရေနွေးကို ဖြည့်လိုက်တယ်။ ပြီးမှ သူ့ဘက်ကို  ရေနွေးခွက် လှမ်းတိုးပေး လိုက်ရင်း …

“ကို…   ထားရည်စကားကို  မရှင်းဘဲဖြစ်နေတယ်  မဟုတ်လား၊  သေသေချာချာနားထောင်၊  ထားရည် ရှင်းပြမယ်၊ ပိတောက်ဆိုတာ တစ်နှစ်မှာ  တစ်ခါပွင့်တဲ့ ပန်း၊ သစ္စာရှိတဲ့ ပန်း၊  ပြီးတော့ … သူရဲ့အနံ့လေးကလဲ ဘယ်ပန်းအနံ့နဲမှ မတူဘူး၊ အဲဒီလိုပန်းကိုပန်ပြီး ကရမှာလေ၊ သူငယ်ချင်းတွေက ပန်းအတုတွေ ပန်ပြီး ကကြမယ်လို့ ပြောတယ်၊ ဒါပေမယ့် ထားရည်က ပိတောက်ပန်းကို အတုအနေနဲ့ မပန်ချင်ဘူး၊ ထားရည် ခေါင်းပေါ်မှာ သစ္စာရှိတဲ့  ပိတောက်ကို  အစစ်အဖြစ်နဲ့ပဲ ပန်ပြီး  ကချင်တယ်၊  အဲဒါကြောင့် ကို့ကို သင်္ကြန်မလည်ခိုင်းတာ …”

ရှင်းကာမှ ပိုရှုပ်သွားတဲ့ ထားရည်ရဲ့ စကားကြောင့် သူခေါင်းကုတ်ရင်း ရေနွေးခွက်ထဲက ရေနွေးကို တဖူးဖူး မှုတ်နေမိတယ်။ ထားရည်က သူ့လက်ကို အသာ ဆုတ်ကိုင်ပြီး …

 “ ပိတောက်ပန်းက  သစ္စာရှိရုံတင်မက နူးညံ့တဲ့ပန်းလေ ကိုရဲ့၊  သူရဲ့အခံဓာတ်က  ထိလွယ် ခိုက်လွယ်တော့  ကြွေလွယ်နွမ်းလွယ်လို့ သနားဖို့လည်းကောင်းတယ်၊ ထားရည်တို့ယိမ်းက မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့ သုံးကြိမ်ကရမှာလေ၊ တစ်ခါက ပြီးတိုင်း ကြွေသွားတဲ့ ပန်းတွေအစား အသစ်ပိတောက်ပန်းလေးတွေကို  ပြန်လဲပြီး  ထားရည် ကချင်တယ်၊  ကြွေသွားတဲ့ပန်းတွေအတွက် ပန်းအသစ်လေးတွေကိုပန်ပြီးကရင်း ပိတောက် အစစ်တွေ ပိတောက်ရနံ့တွေ ထားရည်ခေါင်းမှာ သင်းသင်းပျံ့ပျံ့ဝေနေချင်တယ်လေ ……’’

ထားရည်က ပြောလက်စ  စကားကိုရပ်လိုက်ပြီး သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ထားရည်ရဲ့  လက်ဖ၀ါးလေးကို အသာအယာဘဲ  ပြန်ပြီး   ဆုတ်ကိုင်လိုက်ရင်း  ဆက်လာမယ့်စကားကို  ငြိမ်ပြီး စောင့်နေလိုက်မိတယ်။ ထားရည်က သူကို  ကြည့်နေတဲ့အကြည့်ကို မျက်လွှာလေးချပြီး အသာအယာလွှဲလိုက်တယ်။ ပြီးမှ …. နူးညံ့ညင်သာတဲ့ အသံတိုးတိုးလေးနဲ့ …

“ အဲဒီမှာ  ပိတောက်ပန်း အစစ်တွေ ထားရည်ခေါင်းမှာ  ဝေနေစေဖို့ စင်ထောင့်မှာ ပိတောက်တွေ မနွမ်းအောင် ဂရုတစိုက်  စောင့်ပြီး ထားရည် ကလို့ ပြီးတိုင်း ထားရည်ရဲ့ခေါင်းမှာ သစ္စာရှိပြီး နူးညံ့တဲ့ ပိတောက်ပန်းကို ပန်ပေးရမှာက ထားရည်ရဲ့တစ်သက်တာအချစ်ဦး ပြီးတော့ ထားရည်ရဲ့တစ်ဘ၀တာအချစ်ဆုံး ကို’ကလွဲ လို့ ဘယ်သူမှ မဖြစ်စေချင်ဘူး…’’

နှုတ်ခမ်းစူစူလေးကို  ချွန်နေအောင်ထားပြီး  ကြည်နူးဖွယ်အပြောနဲ့  ရှင်းပြနေတဲ့  ချစ်သူကို ကြည့်ရင်း  သူရင်ထဲမှာ  ချမ်းမြေ့နေတာ ကြောင့် စကားလုံးအနေနဲ့ ဘာတစ်လုံးမှ ထွက်မလာ     တော့ပါဘူး။

“ဘယ်လိုလဲ  ကို…၊ ကိုကို့ သင်္ကြန်မလည်ခိုင်းတဲ့ အကြောင်းကိစ္စကို နားလည်ပြီလား’’

ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံရဲ့ အားတွေဟာ ရင်ထဲ နှလုံးသားထဲအထိ စီးဝင်သွားသလို ခံစားမိလိုက်ရလို့ ချစ်ရတဲ့ သက်ထားရည်ကို သူ ခေါင်းငြိမ့်ပြလိုက်မိတယ်။  ရှက်သွေးအပြည့်နဲ့ ချစ်ရသူရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း စားပွဲခုံပေါ်က အေးစက်နေပြီဖြစ်တဲ့ ရေနွေးခွက်ကို ကုန်စင်အောင် မော့သောက်ပြီးချိန်မှာတော့ ရင်တစ်ခုလုံး အေးချမ်းခြင်းတွေ ပြည့်ဝလို့ပေါ့။

 

 

“ဟေ့ ဆရာကြီး တစ်ယောက်တည်း ဘာတွေ ကြိတ်ပြီး တွေးနေတာလဲ၊ ဒီမှာ  ဈေးခြင်းတောင်းလေး ဘာလေး ကူမပေးပါဦး’’

 ဈေးက ပြန်လာတဲ့ ဇနီးသည်ရဲ့အသံကြောင့်  ဦးလူမော် အတွေးတွေ ရပ်သွားတယ်။ ကုလား ထိုင်ပေါ်ကနေ ထပြီး ဇနီးသည်ရှိရာ ခြံဝ ဘက်ကို လျှောက်သွားလိုက်တယ်။ ဇနီးသည်ရဲ့ လက်ထဲမှာ   ပိတောက်ပန်းတွေ ကိုင်ထားတာတွေ့လိုက်လို့ ၀မ်းသာအားရ  ပြေးသွားလိုက်မိ တယ်။ ဈေးခြင်းကို လှမ်းမယူဘဲ ပိတောက်ပန်းတွေကို လက်ကမ်းလိုက်တဲ့ ဦးလူမော်ကို ဇနီးသည်က လှမ်းကြည့်ပြီး ..

“ဘာလဲ၊ ထီလှည်းက သင်္ကြန်လုလင်သီချင်းသံ ကြားလိုက်သေးတယ် မဟုတ်လား အမှုအယာက ’’

သူ့ကို ကြည့်ပြီး  မေးလိုက်တဲ့  ဇနီးသည်စကားကြောင့်  ဦးလူမော် ပြုံးတုံးတုံးနဲ့   ခေါင်းငြိမ့်ပြ လိုက်ရင်း  ဇနီးသည်ဆီက  ပိတောက်ပန်း တွေအစား  ဈေးခြင်းတောင်းကို အရှက်ပြေ လှမ်းယူ လိုက်တယ်။  မေးလိုက်တဲ့ ဇနီးသည်ရဲ့  ပါးဖောင်းဖောင်းလေး မဟုတ်တော့တဲ့  ပါးဖောင်းဖောင်း ကြီးပေါ်မှာလည်း  ရှက်သွေးရောင်  အရောင်အသွေးကို  ဖုံးကွယ်လို့ မရအောင်  တွေ့လိုက်ရ တာကြောင့်  ခပ်ရွှင်ရွှင်လေသံနဲ့ ဦးလူမော်  ပြန်မေးလိုက်မိတယ်။

 “မင်းရော ကြားလိုက်ရတယ် မဟုတ်လား၊ မလိမ်နဲ့နော်၊ မင်းမျက်နှာမှာ ပေါ်နေတယ်.. ဟင်း …ဟင်း …”

 “ဘာတွေ လာမေးနေတာလဲ၊ ကလေးကလား… သွား သွား၊ ဈေးခြင်းကို နောက်ဖေးမီးဖိုထဲ သယ်သွားတော့ …”

ပြန်ဖြေလိုက်တဲ့  ဇနီးသည်ရဲ့အသံက  ၀တ်ကျေတန်းကျေလေသံမျိုး ဖမ်းထားပေမယ့်  မျက်လုံးထောင့်က ကြည်နူးဖွယ်ရာ အရောင်တစ်မျိုး ဖြတ်စီးသွားတာကိုတော့ ဦးလူမော်  မြင်လိုက်မိပါတယ်။ သူကိုအတင်းတိုးဝှေ့ရင်း အိမ်ထဲဝင်သွားတဲ့ ဇနီးသည်ရဲ့ ခပ်၀၀ ကိုယ်လုံးကြီးကို ကြည့်ရင်း  ဦးလူမော် တစ်ဟားဟား အော်ရယ်ရင်း အိမ်ထဲကို လိုက်ဝင်သွားခဲ့တယ်။ နောက်… မီးဖိုချောင်စားပွဲပေါ် ဈေးခြင်းကို တင်လိုက်ပြီး ဇနိးသည် လက်ထဲက ပိတောက်ပန်းတွေကို လက်လှမ်းယူလိုက်တယ်။

 “အဲဒါ   ပိတောက်အစစ် မဟုတ်ဘူး ကိုရဲ့၊  အတုတွေ၊  ပိတောက်က  အချိန်မှန် မပွင့်တော့ သမီးက  သူ့အခန်းမှာ  သင်္ကြန်ရက်အတွင်းမှာ ပိတောက်ကို အလွမ်းပြေ ချိတ်ထားချင်လို့ဆိုပြီး ၀ယ်ခိုင်းလိုက်တာ၊ တကယ်ကို  အစစ်အတိုင်းဘဲနော်၊ ထားရည်တို့  ခေတ်နဲ့များ ကွာပါ့၊ ဟိုတုန်းက  စက္ကူနဲ့ပဲ ပန်းအတုလုပ်တာ၊   အခုတော့  ပလပ်စတစ်ကို  တကယ်အစစ်နဲ့ ခွဲမရအောင်ကို လုပ်ထားတာ၊  ရော့… ကိုင်ကြည့်ပါလား”

ဇနီးသည်က ပြောလည်းပြော လှမ်းလည်းပေးလိုက်တာကြောင့် အစစ်မဟုတ်တဲ့ ပိတောက်ပန်း အတုတွေကို လှမ်းယူ ကိုင်ကြည့်လိုက်ရင်း …

“ထားရည်ရယ်၊  အခု   ပိတောက်ဟာ  ပိတောက်အစစ်နဲ့  ဘယ်လောက်တူတူ  ငယ်ငယ်က ကို  ထားရည်ခေါင်းမှာ  ပန်ပေးခဲ့တဲ့ ပိတောက်ပန်းအစစ်ရဲ့ ရနံ့တွေကိုတော့ တူအောင်လိုက်တုလို့ ဘယ်လိုနည်းနဲ့မှ ရနိုင်မယ် မထင်ပါဘူးကွာ.. နော်၊ ပြီးတော့သမီးကိုလဲ ပန်းဆိုတာ  အရောင်အသွေးကျတဲ့   အပြင်ဘန်းပုံသဏ္ဍန်  လှပဖို့လိုအပ်သလို အဲဒီထက်  ပိုအရေးကြီးတဲ့ ရနံ့မွှေးတဲ့ပန်း စိတ်ထဲရင်ထဲ ဘယ်လိုမှ ရနံ့မပျယ်နိုင်တဲ့ပန်းမျိုးကို ကိုယ့်ပိုင်အသိစိတ်နဲ့  သေသေချာချာ  သိနိုင်အောင်  ပြောပြထားပါဦး ”

 ဦးလူမော်ပြောလိုက်တဲ့  စကားအဆုံးမှာတော့   ဇနီးသည်  သက်ထားရည်ရဲ့   အတွေးထဲ   ဘယ်တော့မှ   ရနံ့မပျယ်နိုင်တဲ့   သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား အကြောင်းကို သူလိုပဲ တွေးနေမိနေလိမ့်မယ်ဆိုတာ မေးစရာမလိုဘဲ သိနေမိပါတော့တယ်။

 

(မဟေသီမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၃ ခုနှစ်)

လေးစားခင်မင်ခြင်းဖြင့် …..

ညိုရင့်
AMK Creation

 

             အေးချင်တဲ့အခါ စွတ်ရွတ်အေးပြီး ပူချင်ရင် ကျောကော့အောင် ပူတတ်တဲ့ ရာသီဥတုကို ကျွန်တော်တို့တွေ ခံစားနေရတာ အတော်လေး ကြာနေခဲ့ပါပြီ။ သဘာဝ တရားကြီးရဲ့ ဖောက်ပြန်မှုဆိုတော့လည်း ဘယ်လိုမှမတတ်နိုင်ဘဲ အသားတကျ   နေတတ်   အောင်   ကြိုးစားရင်း ခေါင်းငုံခံပြီး နေကြရတာပေါ့။ အဲဒီလို အေးလိုက်ပူလိုက် အပြောင်း အလဲ  မြန်တဲ့ ရာသီဥတုမျိုး ခံစားနေရတဲ့ ရက်တွေထဲက ရက်လေးတစ်ရက်မှာ ဘလော့ဂါ စာရေးဆရာမ မယ့်ကိုးကို ဆရာမမြသွေးနီရဲ့ ခေါ်ဆောင်မိတ်ဆက်ပေးခြင်းနဲ့အတူ AMK ရုံးခန်းမှာ စတင်တွေ့ရှိဖြစ်ခဲ့ပါတယ်။

                     တွေ့ဖြစ်ကြရတဲ့ အကြောင်းရင်းက မယ့်ကိုးက သူရဲ့ Idea Magazine မှာ မတ်၊ ဧပြီ၊ မေ သုံးလဆက်ပါတဲ့ မဂ္ဂဇင်းအခန်းဆက် ၀တ္ထုကို လုံးချင်းအဖြစ်နဲ့ တပေါင်းတစည်း ထဲ ထုတ်ချင်လို့ပါ။ သူထုတ်ချင်တဲ့ စာအုပ်လေးကို Book Making လုပ်ပေးဖို့ AMKကို သူတို့နှစ်ယောက် ရောက်လာပြီး ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။

           မယ့်ကိုးက စာအုပ်နဲ့ ပတ်သက်ပြီး သူ့လုပ်ပြီးခဲ့တဲ့ အနေအထားနဲ့ သူဖြစ်ချင်တဲ့ စာအုပ်အတွင်းက စာပိုဒ်တွေအကြောင်းကို ပြောပြ ပါတယ်။ ပြီးတော့ စာတွေ အကုန်ရိုက် ပြီးကြောင်း၊ မျက်နှာဖုံးကို  ကိုယ်တိုင်ဆွဲထားကြောင်းနဲ့ စာအုပ်ကို ဒီလိုပုံစံကဒ်ထူဖုံးမျိုးနဲ့ လုပ်ချင်တယ် ဆိုပြီး သူကျောပိုးအိတ်ထဲက Ken Blanchard နဲ့ Margret McBride တို့ရဲ့ The One Minute Apology စာအုပ်ကို ထုတ်ပြပါတယ်။

          စာအုပ်က အဖြုခံပေါ်မှာ စာရေးဆရာနာမည်တွေကို အနီရောင်နဲ့ရိုက်ထားပြီး စာအုပ်နာမည်ကို ငွေရောင်ဖောင်းကြွလုပ် ရိုက်နှိပ် ထားတာပါ။ စာအုပ်ဆိုရင် ဘယ်လို ပုံစံမျိုးမဆို စိတ်ဝင်စားတတ်တဲ့ ကျွန်တော်အတွက်တော့ အခုလို ရိုးရင်းပြီး လှပကျစ်လစ် တဲ့ စာအုပ်မျိုးဆို ဘယ်လိုမှ မနေနိုင်အောင် စိတ်ဝင်တစားဖြစ်မိပါတယ်။ အဲဒါကြောင့် ဂရုတစိုက်နဲ့ သေသေချာချာ ယူကြည့်နေလိုက်မိပါတယ်။

      (၀န်ခံစရာတစ်ခုက အခုအချိန်အထိ မယ့်ကိုးကို အဲဒီစာအုပ် ပြန်မပေးဖြစ်ခဲ့သေးပါဘူး။  တစ်ယောက်နဲ့ တစ်ယောက်  မကြုံကြတာ မို့လို့ပါ။ အပိုင်လိုချင်လို့ ပြန်မပေးဖြစ်ခဲ့တာ မဟုတ်မှန်း မိတ်ဆွေတို့ ယုံကြည်နေမယ်ဆိုတာကိုတော့ ကျွန်တော်ဘက်က ကြိုတင် ယုံထားလိုက်မယ်နော်။)

    နောက် မယ့်ကိုးက သူ့ကျောပိုးအိတ်ထဲက တက်ပလက်လေးထုတ်ပြီး သူကိုယ် တိုင် ရေးဆွဲထားတဲ့ မျက်နှာဖုံးပုံလေး ထုတ်ပြတယ်။ ကျွန်တော် တဒင်္ဂ မင်တက်သွား မိတယ်။ မျောလွင့်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ မိန်းမပျိုရဲ့ နောက်ကျော။   ခြေထောက် အထိ ဖုံးအုပ်နေတဲ့ ခရမ်းရောင် ဂါဝန်ရှည်နဲ့အတူ မျောလွင့်နေလိုက်တာ။ တကယ်က ကျွန်တော်ပါ မျောလွင့်သွားမိတာ။

         “ မယ့်ကိုးက နှစ်ပတ်လောက်ဘဲ အချိန်ရတာ၊ အဲဒါ သူစင်္ကာပူမပြန်ခင် စာအုပ်အပြီး ထွက်အောင်လုပ်ပေးလို့ ရမလား ” ဆိုတဲ့ ဆရာမမြသွေးနီရဲ့ လှမ်းမေးလိုက်သံကြောင့် ကြည့်လက်စစာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး  ပြန်ဖြေဖို့ ကျွန်တော်စဉ်းစားလိုက်ပါတယ်။ ပြီးမှ “၁၄-ရက်နဲ့တော့ မဖြစ်နိုင်လောက်ဘူး” ဆိုပြီး စာအုပ်တစ်အုပ်အတွက် လိုအပ်တဲ့ အချိန်နဲ့ လုပ်ရမယ့်အလုပ် အဆင့်တွေကို ရှင်းပြရင်း ပြန်ဖြေခဲ့ပါတယ်။ အချိန်တိုအတွင်း မဖြစ်ဖြစ်အောင် စာအုပ်ထွက်လို့ရနိုင်ပေမယ့် စာအုပ်ထွက်ပြီးမှ လိုအပ်ချက်တွေ ရှိနေမှာ မျိုး ကျွန်တော်မဖြစ်ချင်ဘူး။

    ကျွန်တော်ပြန်ဖြေသံအဆုံးမှာတော့ မယ့်ကိုးက စာတွေကို သူကိုယ်တိုင် စစ်ပေးမယ်။  ကောက်စာ ထုတ်ရမယ့် စာမျက်နှာတွေ၊ နောက် ၀တ္ထုထဲမှာပါတဲ့ ၀တ္ထုရေး သူက  ပြန်ရေးတဲ့ စာသားတွေကို Italic နဲ့ လုပ်မှာတွေကိုလဲ သူကိုယ်တိုင်ဘဲ AMK ရုံးခန်းမှာပဲ လာလုပ်ပေးမယ်လို့ ၀င်ပြောလာပါတယ်။  စိတ်အားထက်သန်စွာ   ပြောနေတဲ့ မယ့်ကိုးကို ကြည့်ပြီး ဘာပြန်ပြော ရမှန်းမသိဖြစ်နေတဲ့ ကျွန်တော်အတွက် ဆရာမ   မြသွေးနီရဲ့ “ ဖြစ်နိုင်ရင်  လုပ်ပေးလိုက်ပါ” ဆိုတဲ့  တိုက်တွန်းသံက  (အမိန့်ဟု မယူဆစေ ချင်ပါ။) “ဟုတ်ပြီလေ၊ အတတ်နိုင်ဆုံး ၁၄-ရက်နဲ့ မီအောင်ကြိုးစား ကြည့်ပေးပါမယ်” ဆိုတဲ့ ခေါင်းငြိမ့်လိုက်စေမယ့် ဆုံးဖြတ်ချက်ကို ဖြစ်စေခဲ့ပါတယ်။

        ဘယ်လိုစာအုပ်မျိုးကိုမဆို အချိန်ယူပြီး အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့ ကျွန်တော့်အတွက်တော့ ငါလုပ်ပေးလို့ မကောင်းရင်ဆိုတဲ့ ရင်ပူစရာအလုပ်ကို လက်ခံ လိုက်မိသလားဆိုတဲ့ အတွေးက စိတ်ထဲကို အလိုလို ရောက်လာတော့တယ်။  ရာသီဥတုက လည်း အေးနေ ရာကနေ ရုတ်တရက် ပူလာလို့ ရုံးခန်းပြူတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။

  ရုံးခန်းအပြင်ဘက်မှာတော့ ပြူတင်းပေါက်မှန်တံခါးကို တိုးဝှေ့နေတဲ့   နေ့လည်ပိုင်း ကျနေက ခြစ်ခြစ်တောက် ပူပြင်းလို့နေပါတယ်။

 

 

            နောက်တစ်နေ့ ……………..

            ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၃-ရက်။

        မယ့်ကိုး AMK ရုံးခန်းကို ရောက်လာပါတယ်။ သူစာအုပ်အတွက် စာလုံးပေါင်းတွေ၊ အထားအသိုတွေ၊စာလုံးဖောင့်တွေ ပြင်တာ ဖြုတ်တာတွေကို ရုံးက ဒီဇိုင်းနာနဲ့အတူ စလုပ်   ဖြစ်ကြပါတယ်။ နေ့လည်ပိုင်းရောက်ချိန်မှာ အကြမ်းအားလုံး ပြီးသလောက်ကို   ပြန်စစ်ဖို့ ဆိုပြီး ကွန်ပျူတာ Printထုတ်၊ အိမ်မှာထပ်စစ်မယ်ဆိုပြီး ကျွန်တော်နဲ့ စကား ခဏပြောဖြစ် ခဲ့ပါတယ်။ ပြီးတော့ အားလုံးကိုနှုတ်ဆက်၊ ကျောပိုးအိတ်   ကောက်လွယ်ပြီး    ပြန်သွား ပါတော့တယ်။

        နောက်တစ်နေ့ ….

        နောက်တစ်နေ့ ………….

          စာလုံးဖောင့်တွေ မကြိုက်လို့ ပြန်ပြင်၊ ပြန်စစ်၊ကိုယ်တိုင်ဆွဲထားတဲ့ မျက်နှာဖုံးအတွက် လိုအပ်တဲ့အရောင်တွေအတွက် တိုင်ပင်ဆွေးနွေး။ မယ့်ကိုးဟာ မမောနိုင်မပန်းနိုင် သူစာအုပ်လေးအတွက်လုပ်နေရင်း ခဏတာအားချိန်လေးမှာ အအား မနေဘဲ သူရဲ့ တက်ဘလက် လေးကို ထုတ်ပြီး စာထိုင်ရေးနေတာကို   တွေ့နေရပါတယ်။

         (အဲဒါကြောင့်လဲ သူမပြန်ခင်အချိန်လေးအတွင်းမှာ “စောင့်ကြည့်နေသော မျက်ဝန်းများ” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို သင့်တော်တဲ့ မဂ္ဂဇင်းတိုက်တစ်တိုက်ကို ပို့ပေးဖို့  ကျွန်တော်ကို ပေးခဲ့နိုင်ပါသေးတယ်။)

          နောက်… စာရေးလို့အာရုံမရချိန်မျိုးမှာ စာပေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို   ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီမှာ မယ့်ကိုးရင်ထဲက စာပေအပေါ် သူထားရှိတဲ့ အမြင်ကို နားလည်ခွင့်ရခဲ့ပြန်ပါတယ်။ အဲ့ဒီမယ့်ကိုးက ပုံပြင်တွေကို ချစ်မက်တတ်တဲ့ မိန်းမပျို တစ်ယောက်လဲ ဖြစ်နေပြန်တာကို “ ကလေးတွေအတွက် အင်္ဂလိပ်လို ရေးထားတဲ့ ပုံပြင် စာအုပ်တွေလဲ ထုတ်ချင်သေးတယ်” ဆိုတဲ့ သူ့အပြောအရ သိရပြန်တယ်။

        ခြေခေါက်လဲလို့ ပတ်တီးစည်းထားတဲ့ ခြေထောက်ကိုတောင် ဂရုလုံးဝမစိုက်ဘဲ   ထော့နင်းထော့နင်းနဲ့ ရောက်အောင်လာပြီး ရက်ဆက် လုံးဝမနားပဲ မယ့်ကိုးဟာ အသင် နားမလည်နိုင်သော မိန်းမတစ်ယောက်ကို အကောင်းဆုံးထွက်ရှိနိုင်အောင် တစ်စိုက် မတ်မတ်  အာရုံစိုက်ပြီးလုပ်နေတာကို ကျွန်တော် မြင်နေရပါတယ်။

               အဲဒီလိုနဲ့ ………………………

              ၂၀၁၂ခုနှစ်။ ဒီဇင်ဘာ ၈-ရက်၊

     မယ့်ကိုးဟာ “အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်”ကို သူ့ဘက်က လုပ်နိုင်သမျှ အကောင်းဆုံး အားသွန်ပုံဖော် ထုဆစ်ပေးခဲ့ပြီး သပ်ရပ်လှပတဲ့ စာအုပ်ဖြစ်   အောင် အချိန်မီရိုက်နှိပ်ချုပ်လုပ်နိုင်ဖို့အတွက် ကျွန်တော့်လက်ထဲ အပ်ခဲ့ပါတော့တယ်။

           ရင်ထဲကလေးနက်တဲ့ ၀ါသနာအရင်းခံစိတ်ကို အခြေပြုပြီး ဖြစ်ချင်ရောက်ချင်တဲ့   နေရာဆီ စေတနာကို ထပ်ဆောင်းထည့်ရင်း အချိန်တိုလေးအတွင်း   ရောက်အောင် သွားနိုင်ကြတဲ့ လူတစ်ချို့ကို ကျွန်တော်တွေ့ခဲ့ကြုံခဲ့ဘူးပါတယ်။

           မယ့်ကိုးဟာ အဲဒီလို ရှားပါးတဲ့ လူတစ်ချို့တွေထဲက လူတစ်ယောက်လို့ ကျွန်တော် သတ်မှတ်လိုက်ပါတယ်။ မယ့်ကိုးမှာ သူမတူတဲ့၊ သမရိုးကျမဟုတ်တဲ့  အနုပညာဖန်တီး မှုတွေ ရှိနေတာကို ကျွန်တော် ခံစာသိရတယ်။ သူက ပေးဆပ်မှုတစ်ခုအတွက် ပြန်လည်   မျှော်လင့်တတ်သူမျိုးလဲ မဟုတ်ပြန်ဘူး။ ထူးခြားတဲ့ အနုပညာဖန်တီးမှုတွေ၊ ဆန်းကျယ် တဲ့ အတွေးကောင်းတွေ၊ သူ့ခန္ဓာကိုယ်ထဲ စီးမျောပျော်ဝင်နေတဲ့ လူငယ်အမျိုးသမီး တစ်ယောက်လဲ   ဖြစ်နေပြန်တယ်။

            မယ့်ကိုးအတွက် “အနုပညာလျှောက်လမ်းပေါ်မှာ ရင်ထဲက ဖန်တီးနိုင်တဲ့ အနုပညာတွေကို လွတ်လွတ်လပ်လပ် မွေးထုတ်ရင်း စာပေလမ်းကြောင်းမှာ Carry On ဆက်လျှောက်လှမ်းပါ ညီမလေးရေ” လို့ ပြောယုံမှတပါး ကျွန်တော့်ဘက်က ပြောစရာ   နောက်ထ ပ် စကားအပို မရှိတော့ပါဘူး။

         

 

 

 

 

“အသင်နားမလည်နိုင်သော မိန်းမတစ်ယောက်” ကို
ကျွန်တော် သေချာ နားလည်သွားချိန်မှာတော့ အပြောင်းအလဲမြန်တဲ့ ရာသီဥတုဟာ ကျွန်တော့်အတွက် အအေးအပူမျှတသော
ပုံမှန်ရာသီဥတုအဖြစ် ခံစားနိုင်ခဲ့ပါပြီ”

“ အသင်နားမလည်နိုင်ရင် မယ့်ကိုးရဲ့ ရေးဖွဲ့ထားတဲ့ စကားလုံးတွေမှာ စီးမျောပျော်ဝင် ခံစားကြည့်လိုက်ပါ။
အသင် နားလည်နိုင်လာပါလိမ့်မယ် ”

 

   လေးစားခင်မင်ခြင်းဖြင့် …..

ညိုရင့်
AMK Creation

 

“လောဘလည်းမရှိဘူး။ ဒေါသလည်း မရှိဘူး။ ဘယ်လိုလုပ်ကြီးပွားမှာလဲ။   သေအောင်လုပ်၊ လုပ်တာပဲ ရှိမှာ။ ဟေ့ ကိုစိုးဝင်း လာဦး”

 အပ်ထားတဲ့ လင်းယုန်တံဆိပ် ကျောက်ကျော စက္ကူဘူးတွေအတွက် အပြာတစ်ရောင်ရိုက်ပြီးလို့ နောက်တစ်ရောင်ထပ်ဖို့ မင်ခွက်ဆေးနေတဲ့ စက်နောက်ကြည့် လှအေးကို ဒုတိယထပ်ရိုက်ရမယ့် အနီရောင်က မင်အဝင်များတာမို့ မင်ခွက်ကို   သေသေချာချာဆေးဖို့ ပြောနေတုန်း စက်ခန်းထဲ ဝင်လာတဲ့ ပုံနှိပ်စက် မန်နေဂျာအောင်မြတ်မင်းရဲ့ ကျယ်ကျယ်လောင်လောင်စကားသံကို စက်ဆရာ ကိုစိုးဝင်း ကြားလိုက်ရတယ်။လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့ အောင်မြတ်မင်းအဖို့ အလုပ်အပ်သူတွေနဲ့ တစ်ခုခု အဆင်မပြေဖြစ်တိုင်း ရှင်းပြဖို့စကားလုံးတွေ ရှားပါးနေတတ်ပြီး လက်အောက် ဝန်ထမ်းတွေ အပေါ်ကို ဖိမဲတတ်တာကို အားလုံးက သိနေပြီမို့ သူ့ရဲ့မောဟတွေ ဝေနေ တဲ့မျက်နှာကြီးကို မကြည့်ချင်ပေမယ့် အလုပ်တွေခဏနားပြီး နားစွင့်နေတဲ့ပုံမျိုး ဖမ်းထားနေရတာပေါ့။ နို့မို့ သူ့အဆဲအဟဲတွေနဲ့ လွတ်ကင်းဖို့ မမြင်နိုင်ဘူးလေ။

 မန်နေဂျာအောင်မြတ်မင်းက ပိုင်ရှင်သူဌေးမိန်းမရဲ့ မောင်အငယ်ဆုံး။ အသက် သုံးဆယ်လောက်သာ ရှိသေးတဲ့ အောင်မြတ်မင်းက သူ့ ထက် အသက်ထက်ဝက်လောက် ကြီးတဲ့ ရုံးရဲ့စက်ချုပ်ဘကြီးပုကိုတောင် မထင်ရင်မထင်သလို ပေါက်လွှတ်ပဲစား စကားလုံးတွေ သုံးပြီး အော်ဟစ်ပြောဆိုတတ်တဲ့ စရိုက်ဆိုးကြောင့် ရုံးရဲ့ပုံနှိပ် စက်ဝန်ထမ်းတွေရော၊ အခြား ဝန်ထမ်းတွေပါ အောင်မြတ်မင်းဆို ဝေါင်ဝေါင်ရှေး   ဝေးဝေးရှောင်ကြတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအားလုံး လဝက်လောက်ရောက်လို့ ပိုက်ဆံပြတ်ချိန်မျိုးမှာ ကြိုတင်လစာတို့၊ စက်ရိုက်ဂျူတီခတို့ ထုတ်ချင်ရင်   အောင်မြတ်မင်းဆီကတစ်ဆင့် စာရင်းတင်တောင်းမှ ရနိုင်တာမို့ ကိုယ့်မိသားစု စားဝတ်နေရေး လိုအပ်ချက်တွေအတွက် ဒီပုံနှိပ်စက်မှာ လုပ်ဖြစ်နေသရွေ့   အောင်မြတ်မင်းကို မချစ်သော်လည်း အောင့်ကာနမ်း နေရတာပေါ့။

***

ကိုစိုးဝင်း အလုပ်စဝင်ဝင်ချင်း (၁၅) လက်မx (၂ဝ)လက်မရိုက်လို့ရတဲ့ ဖူဂျီ(၅၈) ပုံနှိပ်စက်တစ်လုံး၊ နောက် (၂၆)လက်မ စက္ကူဖြတ်စက် အဲဒီနှစ်စက်ပဲ ဒီပုံနှိပ်စက်မှာ ရှိသေးတယ်။ အဲဒီအချိန်က အောင်မြတ်မင်းလည်း ဒီပုံနှိပ်စက်အလုပ်ကို   ရောက်မလာသေးဘူး။

 ပိုင်ရှင်သူဌေးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ အိမ်အကျိုးဆောင်အလုပ်မှာ ပွဲစား ဝင်လုပ်နေတာ။

စက်ချုပ်ဘကြီးပုရဲ့ စေတနာနဲ့ ကျွမ်းကျင်မှု၊ စက်ဆရာကိုစိုးဝင်းရဲ့ ဆက်ဆံရေး   ကောင်းမွန်မှုတွေကြောင့် အလုပ်တွေက ဆက်တိုက်လိုလို ကောင်းလာပြီး လုပ်ငန်း အရှိန်လေးရလာလို့ အချိန်တစ်နှစ်လောက်ကြာတော့ (၂ဝ)လက်မx (၃ဝ)လက်မ ရိုက်လို့ရတဲ့ ကိုမိုလီပုံနှိပ်စက်၊ (၂၆)လက်မ ကြားဆိုက်ရိုက်လို့ရတဲ့ ဆစ်ပူးပုံနှိပ်စက်နဲ့ လက်မ(၄ဝ) ဘိကျဓားကျ အော်တိုစက္ကူဖြတ်စက တွေ ထပ်ဝယ်ထည့်ပြီး လုပ်ငန်းကို သူဌေးက ထပ်တိုးချဲ့ခဲ့တယ်။ အလုပ်သမားအားလုံးကလည်း ဘယ်လောက် ပင်ပန်းပင်ပန်းခိုကပ်တာတွေ မရှိဘူး။ အားလုံး တက်ညီလက် ညီလုပ်ကြတော့ လုပ်ငန်းက အောင် မြင်လာတာပေါ့။

အဲဒီလို လုပ်ငန်းအနေအထား ကောင်းလာချိန်မှာ သူဌေးရဲ့မိန်းမက သူ့မောင်အငယ်ဆုံး   အောင်မြတ်မင်း ကို ပုံနှိပ်စက်ရဲ့ အလေအလွင့်ဖြစ် တာတွေ ထိထိရောက်ေ ရာက်ကိုင် တွယ်နိုင်ဖို့ အကြောင်းပြချက်နဲ့ အခြေအနေမကောင်းတော့တဲ့ အိမ်အကျိုးဆောင် အလုပ်က   ထွက်ခိုင်းပြီး ပိုက်ဆံများများရနိုင်ဖို့မြင်တဲ့ ပုံနှိပ်စက်မှာ မန်နေဂျာအဖြစ် သူဌေးကို ခန့်ခိုင်းလိုက်တယ်လေ။ မိန်းမကြောက်တဲ့ သူဌေးကလည်း လုံးဝအချိန်မဆိုင်းဘဲ ခန့်လိုက်တော့တာပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ မိုးပေါ်က ကျလာတဲ့   အောင်မြတ်မင်းအလုပ် စဆင်းတဲ့နေ့မှာ ဝန်ထမ်းတွေကို မိတ်ဆက်ပေးတုန်း   ပြောတဲ့စကားက   ဝန်ထမ်းတွေအားလုံးနားထဲ တကယ့်ကို ထော်လော်ကန့်လန့် ဝင်လာ   တော့တာပဲ။

 “နာမည်ကိုတော့ အစ်ကိုကြီး ပြောလို့ သိပြီးလောက်ပြီပေါ့။ ပုံနှိပ်စက်မှာ မန်နေဂျာရာထူးနဲ့ ဒီနေ့ကစ အလုပ်ဝင်မှာမို့ အသက်အရွယ်ကို အလုပ်ခွင်မှာမေ့ထားပြီး ရာထူးအနေအထားကို အဓိကထား ဆက်ဆံဖို့ ပထမဦးဆုံးပြောလိုပါ တယ်။ အခုအချိန်ကတည်းက အလုပ်နဲ့ပတ်သက်ပြီး အမှားဖြစ်ခဲ့ရင် ခွင့်လွှတ်ဖို့ အသနားခံတာတို့၊ မျက်ရည်ခံထိုးတာတို့ လုံးဝလုပ်လို့ မရဘူးဆိုတာ ကြိုပြောထားပါမယ်။ ပြီးတော့ တုတ်နဲ့တန်တဲ့သူကို တုတ်၊ အဆဲနဲ့တန်တဲ့သူကို အဆဲပေးဖြစ်ခဲ့ရင်လည်း နားလည်ပေးပါလို့၊ အစ်ကိုကြီးတို့အလုပ်ကို အစွမ်းကုန် တို တက်အောင်လုပ်ပေးဖို့ ဒီကို ရောက်လာတာဖြစ်တဲ့အတွက် အစ်ကိုကြီးတို့ အကျိုးယုတ်လျော့စေမယ့်ကိစ္စ ဘယ်အရာမျိုးမဆို ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဝန်ထမ်းအားလုံး သဘောပေါက်ထားပါလို့   ပြောရင်း နိဂုံးချုပ်ပါမယ်”

 အောင့်သက်သက်နဲ့ နားထောင်နေကြတဲ့ ဝန်ထမ်းတွေအားလုံး အောင်မြတ်မင်း စကားအဆုံး ဘယ်သူမှ လက်ခုပ်မတီးဖြစ်ခဲ့ကြပါဘူး။ ပုံနှိပ်စက်အလုပ်ကို ခပ်လွယ် လွယ်ထင်ပြီးပြောနေတဲ့ အောင်မြတ်မင်းရဲ့ တင်တင်စီးစီးစကားပြောပုံကို နားကလော်နေတဲ့ စက်နောက်ကြည့် လှအေးက သူ့ပါးစပ်မှာငုံထားတဲ့ ကွမ်းတံတွေးကို အမှိုက်ပုံးထဲ ထွီခနဲထွေးရင်း ဘေးမှာထိုင်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း ဟန်မြင့်ကို အသံတိုးတိုးလေးနဲ့ ပြောလိုက်သံကိုတော့ ကိုစိုးဝင်းကြားဖြစ်အောင် ကြားလိုက်မိ ပါသေးတယ်။

 “ ကျွန်တော်တို့လို အငယ်တွေကိုတော့ ထားပါတော့၊ သူ့အဘိုးလောက်ရှိတဲ့ စက်ချုပ်ဘကြီးပုတို့၊ သူ့အဖေလောက်ရှိတဲ့ စက်ဆရာ ဦးစိုးဝင်းတို့ကို ပြောနေပုံက တ ကယ့်  ရိုက်ပေါက်ပဲ၊ ပုံနှိပ်စက်အကြောင်း နကန်းတစ်လုံးတောင် သိမယ့်ပုံမရှိတဲ့လူက ပုံနှိပ်စက်အလုပ်ကို အစွမ်းကုန်တိုးတက်အောင် လုပ်ပေးမလို့တဲ့၊ ကြားရတာ ရယ်ဖို့   ကောင်းလိုက်တာ၊ ပြီးတော့ သူဌေးကိုကျတော့ အစ်ကိုကြီး အစ်ကိုကြီးနဲ့ ဖားနေ လိုက်တာ၊ သူ့ပထွေးကျနေတာပဲ၊ အပေါ်ဖား အောက်ဖိရုပ်နဲ့ ရွံစရာကောင်းလိုက်ပုံများ.. ထွီ”

***

အောင်မြတ်မင်း အလုပ်ဆင်းချိန်သုံးလလောက်အကြာမှာ ကော်ဖီမစ်ဘူးတွေ ရိုက်ဖို့ စက္ကူဖြတ်စက်နားထိုင်ပြီး စက္ကူအချိုးတွေ ပြောပြနေတဲ့ ကိုစိုးဝင်းကို အောင်မြတ်မင်း   ခေါ်ခိုင်းလိုက်လို့ဆိုပြီး ဟန်မြင့်က လာခ်ါတယ်။ ကိုစိုးဝင်းကို သူ့စားပွဲရှေ့ ထိုင်ခုံမှာ ထိုင်ခိုင်းပြီး အောင်မြတ်မင်းက …

 “စက္ကူဖြတ်ဖို့ စက္ကူအချိုးတွေ ပြောရမှာက ခင်ဗျားရဲ့အလုပ်မဟုတ်ဘူး။ ပေး အဲဒီဖြတ်ရမယ့် စက္ကူဆိုက်တွေ၊ ကျုပ် ခိုင်းလိုက်မယ်”

 “ မဟုတ်သေးဘူး ကိုအောင်မြတ်မင်း၊ ပုံနှိပ်စက်အလုပ်ရဲ့ အရေးကြီးအချက်တွေထဲမှာ စက္ကူဖြတ်တဲ့ အချက်တစ်ချက်လည်း အဓိကပါတယ်ဗျ။ စက္ကူမှားဖြတ်မိရင်   နောက် ဆက်လုပ်ရမယ့်အလုပ်တွေ ဘာတစ်ခုမှ ဆက်လုပ်လို့ မရတော့ဘူး။ ပြီးတော့ စက္ကူဖြတ်တာမှားသွားရင် ကုန်ကျစရိတ်ကလည်း များမှများပဲ”

ကိုစိုးဝင်းရဲ့ အကျိုးသင့် အကြောင်းသင့်ပြောတဲ့ စကားကို အောင်မြတ်မင်း   ခေါင်းတခါခါ လုပ်ပြီး လက်ဝါးကာ တားလိုက်တယ်။ သူ့ရဲ့ တစ်သွေးတစ်သံတစ်မိန့်ကို နားမထောင်ရ   ကောင်းလားဆိုတဲ့ ကြည့်ပေါက်နဲ့ ကိုစိုးဝင်းမျက်နှာကို မျက်ထောင့်နီကြီးနဲ့ စူးစူးစိုက်စိုက် လှမ်းကြည့်ရင်း…

 “ကုန်ကျစရိတ်အတွက် ခင်ဗျားထက်ပိုပြီး ကျုပ်က ပူသေးတယ်။ ဒီလုပ်ငန်းရဲ့   ငွေကြေးစိုက်ထုတ် ရင်းနှီးထားတဲ့သူက ဘယ်သူလဲဆိုတာ ခင်ဗျားသိသားပဲ။ ကျုပ် အစ်မယောက်ျား ကျုပ်ယောက်ဖအစ်ကိုကြီးလေ၊ အဲဒီတော့ ပူခြင်းပူ ကျုပ်ပူပါမယ်၊   ပေးမှာသာပေးစမ်းပါ။ ခင်ဗျားဖြတ်ခိုင်းထားတဲ့ စက္ကူဆိုက်စာရွက်”

“ကဲ.. ပြောမရရင်တော့ သဘောပဲ၊ ရော့ ဒီမှာ ဖြတ်ရမယ့် စက္ကူဆိုက်တွေ”

“ဟင် … ခင်ဗျားရေးထားတာလည်း ပြန်ကြည့်ပါဦး၊ ရှုပ်ယှက်ကို ခတ်နေတာပဲ၊ အဲဒါကို ကျုပ်က ဘယ်လိုကြည့်ပြီး ဖြတ်ခိုင်းရမှာလဲ”

“Duplex  ၃၅ဝ ဂရမ် စက္ကူက အခုရက်ပိုင်း ဆိုင်တွေမှာပြတ်နေပြီ၊ အခုအချိန်လောက် ကျွန်တော်တို့ဘက်က ပြီးအောင်ရိုက်ထားနိုင်မှ ပလတ်စတစ်လောင်း၊ ဓားဘောင်ပို့၊ ဘိုင်းနင်းလုပ်ဖို့အချိန် လုံလုံလောက်လောက်ရမှာ၊ နို့မို့ ချိန်းထားတဲ့ရက် ပေးနိုင်ဖို့ မလွယ်တော့ဘူး။ အဲဒါကြောင့် စတိုထဲက လက်ကျန်ဆိုက်မတူတဲ့ Duplex   တွေကို   ဖြတ်ခိုင်းနေတာလေ၊ ၂၇” x ၃၄” ဆိုက်၊ ၃၁” x ၄၃” ဆိုက်၊ ၃၅” x ၄၃” ဆိုက်၊ ၃၉.၅” x ၄၃” ဆိုက် အဲဒီဆိုက်မျိုးစုံကို နောက်ထပ်ရိုက်မယ့် စက္ကူဘူးတွေရဲ့အချိုးထဲ ဝင်အောင်တွက်ပြီး ဖြတ်နေရတာ၊ စက္ကူဆိုက်တွေကွာတော့ နည်းနည်းတော့ ရှုပ်တာပေါ့၊ ကိုအောင်မြတ်မင်းတွက်ပြီး ဖြတ်ခိုင်းမှာဆိုတော့ ကျွန်တော် ခေါင်းတော်တော်ပေါ့ သွားပြီ၊ ကျေးဇူးပဲဗျာ”

 ကိုစိုးဝင်းလည်း သူမှတ်ထားတဲ့ စာရွက်လေးကို ခုံပေါ်အမြန်တင်ပြီး အသာလေး ထွက်လာခဲ့တယ်။ သူ့စကားနဲ့သူ ချည်နှောင်မိနေတဲ့ အောင်မြတ်မင်းတစ်ယောက် ကိုစိုး  ဝင်းချထားတဲ့ စာရွက်လေးကိုကြည့်ပြီး ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်လုပ်ရင်း အဲဒီနေ့က ရုံးသာဆင်းသွားတယ်၊ စက္ကူဖြတ်တဲ့ကိစ္စ လုပ်မသွားဖြစ်ခဲ့ပါဘူး။ အဲဒါဟာ ကိုယ်မသိတာ မတတ်တာကို သိသလိုတတ်သလိုနဲ့ ကိုယ့်ရဲ့အရည်အချင်းအစစ်ကို ကိုယ်တိုင်မသိတဲ့ အောင်မြတ်မင်းကြောင့်ဆိုတာ တစ်ရုံးလုံးက သိနေကြတာပေါ့။

***

”လုပ်လိုက်ပြန်ပြီကွာ၊ ဒီမှာ နမူနာပြထားတဲ့ပုံအရောင်က လိမ္မော်ရောင်အရင့် ရိုက်ထားတာက လိမ္မော်ရောင်အနု၊ အဲဒါကို ဘယ်လိုလုပ်ပြီး ကတ်စတန်မာကို သွားပြ မလဲ၊ လုပ်လိုက်ရင် သောက်တလွဲကြီးပဲ၊ ဘာစက်ချုပ်လဲ၊ ဘာစက် ဆရာလဲ၊ ကတ်စတန်မာနဲ့ ထိပ်တိုက်မတွေ့ရတိုင်း လုပ်ချင်သလိုလုပ်ပြီး ငါ့အစ်မပိုက်ဆံတွေ   ဖြုန်းနေကြတာ။ ဟေ့ ဦးပု ကျုပ်ပြောတာ မကြားဘူးလား၊ လုပ်လက်စတွေရပ် ခင်ဗျား အခု ဒီကိုလာခဲ့”

ပုံနှိပ်စက်အသံကို ဖုံးလွှမ်းလောက်တဲ့ အသံပြဲကြီးနဲ့ အော်နေတဲ့ အောင်မြတ်မင်းကို စက်ရိုက်နေတဲ့ ဝန်ထမ်းတွေရော၊ ကျန်တဲ့သူတွေပါ ဘာများဖြစ်ပါလိမ့်ဆိုတဲ့ အကြည့်နဲ့ လုပ်လက်စအလုပ်တွေရပ်ပြီး လှမ်းကြည့်နေကြတယ်။ ပုံနှိပ်စက်ကို ရောက်ချိန် တစ်နှစ်ကျော်မှာ ရောက်ခါစထက်ပိုပြီး မောက်မာလာတဲ့ အောင်မြတ်မင်းကို အားလုံးရဲ့ စိတ်ထဲမှာ သိပ်ကြည်ကြည်လင်လင် မရှိတာကတော့ ကျိန်းသေပေါ့။ စက်ချုပ်ဘကြီးပုက ကိုမိုလီစက်ကိုင်မင်းသိန်းကို ရှင်းပြနေတဲ့စကားမပြတ်လို့ မလာနိုင်သေးတာကို   ဒေါသသံနဲ့ လှမ်းခေါ်ပုံက တကယ့်အရိုင်းအစိုင်းတစ်ယောက်ပုံပဲ။

“အေး အေး လာပါပြီကွာ၊ ဒီမှာ စကားမပြတ်သေးလို့ပါ”

 သည်းခံတတ်တဲ့ ဘကြီးပုက လေအေးလေးနဲ့ပြန်ဖြေရင်း အောင်မြတ်မင်းဆီ   လျှောက်လာတယ်။

 “အခု ရိုက်ပြီးတဲ့အရောင်က နမူနာဓာတ်ပုံထဲက အရောင်နဲ့ ဘာလို့ကွာနေတာလဲ၊ ကတ်စတန်မာကို ပြလိုက်လို့ သူက မယူဘူးဆိုရင် အခုရိုက်ပြီးတဲ့ ကုန်ကျစရိတ်အားလုံး ကို ခင်ဗျားတို့ လုပ်ခတွေကနေ အချိုးကျဖြတ်မယ်၊ အလုပ်အပ်တဲ့ သူက   ကျေနပ်ပြီး   နောက်တစ်ခါ ထပ်အပ်ချင်အောင် အလုပ်ကို လောဘထားပြီးလုပ်ဖို့ ခဏခဏ   ပြောတာလည်း ဘယ်တော့မှ မှတ်မထားကြဘူး၊ ဘာဖြစ်လို့ အဲဒီလိုဖြစ် ရတာလဲ ရှင်းစမ်းပါဦး”

ဒေါသတကြီးနဲ့ တရစပ်ပြောနေတဲ့ အောင်မြတ်မင်းကို ဘကြီးပုက ဘာမှ   ပြန်မပြောပါဘူး။ အောင်မြတ်မင်း စကားဆုံးတော့မှ…

 “ပုံနှိပ်စက်မှာ စက်တင်နိုင်ဖို့ RGB ဆိုတဲ့ ဖလင်လေးချပ်ထုတ်ပြီး ကာလာခွဲထားတဲ့ပုံစံနဲ့ မင်း.. ငါတို့ကို နမူနာကြည့်ဖို့ ထုတ်ပေးထားတဲ့ ဓာတ်ပုံရဲ့RGBလို့ခေါ်တဲ့ ကာလာဖွဲ့စည်းထားပုံချင်း ကွာလို့ အခုလို အရောင်နည်းနည်း ကွဲနေတာလေ။ အရောင်တစ်ထပ်တည်း ကျချင်ရင် ပုံနှိပ်စက်မှာရိုက်ထားတဲ့ နမူနာကို ယူလာခဲ့။ အဲဒါမှ အရောင်တစ်ထပ်တည်းရမှာ ဟုတ်ပလား၊ ဓာတ်ပုံပေးပြီး ပုံနှိပ်စက်အရောင်နဲ့ တစ်ထပ်တည်းကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အေး.. အနီးစပ်ဆုံး တူအောင်ဆို ရင်တော့ ဖြစ်နိုင်လိမ့်မယ်၊ အခုရိုက်ပြီးတဲ့ တီးမစ်ဘူးခွံတွေကို အပ်တဲ့သူဆီ မင်းပြကြည့်လိုက်၊ သူက မကြိုက်လို့ လက်မခံဘူးဆိုရင် ကျန်တဲ့သူတွေဆီက အချိုး ကျဖြတ် စရာမလိုဘူး။ ကုန်ကျထားတဲ့စရိတ်တွေ ငါ့လခထဲက အကုန်ဖြတ်လိုက်”

 အေးအေးဆေးဆေးနဲ့ စကားကို တစ်လုံးချင်းပြောနေတဲ့ ဘကြီးပုကို အောင်မြတ်မင်း မျက်လုံးအကြောင်သား စိုက်ကြည့်နေတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အလုပ်ကို   လေ့လာခြင်းမရှိဘဲ မန်နေဂျာဆိုတဲ့ရာထူးနဲ့ အောက်လက်ငယ်သားတွေအပေါ်   အော်ဟစ်ဆူပူနေတဲ့ အောင်မြတ်မင်းလို လူစားမျိုးတွေကို ဘကြီးပုအနေနဲ့ ခေါင်းထဲမှာ ထည့်မထားတတ်ပါဘူး။ ဒါပေမဲ့ ကိုယ်စေတနာထားပြီး လုပ်ခဲ့တဲ့အလုပ်အပေါ် မှားရင် လျော်ရမယ်ဆိုတဲ့ ငွေကြေးကို အဓိကထားပြောတဲ့ ကိစ္စအတွက်ကြောင့်သာ အခုလို ရှည်ရှည်ဝေးဝေး ရှင်းပြဖြစ်နေတာပါ။

“ ကောင်းတယ်၊ အဲဒါမျိုးမှ ကြိုက်တာ ကိုယ့်အမှားကိုကိုယ် တာဝန်ယူရဲတဲ့ စိတ်ကိုတော့ လေးစားသွားပြီ၊ ပြီးတော့ …”

ခနဲ့တဲ့တဲ့အသံနဲ့ ပြောလိုက်တဲ့ အောင်မြတ်မင်းစကား မဆုံးခင်မှာပဲ ဘကြီးပုက လက်ဝါးထောင်ပြီး ရပ်ခိုင်းလိုက်လို့ အောင်မြတ်မင်းရဲ့ ပြောလက်စစကား တစ်ဝက်တစ် ပျက် ရပ်သွားပါတယ်။ အကြောင်သားစိုက်ကြည့်နေတဲ့ အောင်မြတ်မင်းမျက်ဝန်းကို ဘကြီးပုသေသေချာချာ စိုက်ကြည့်လိုက်တယ်။ ပြီးတော့ ပြောနေကျလေသံအေးအေးနဲ့   အောင်မြတ်မင်းကို ပြောလိုက်ပါတယ်။

 “ ဟုတ်တယ်၊ ငါက စက်နဲ့ ပတ်သက်တဲ့သူမို့ စက်ပိုင်းဆိုင်ရာအတွက် တာဝန်ယူတယ်၊ အဲဒီအတွက် မင်း ငါ့ကို ဘာမှ လေးစားစရာမလိုဘူး၊ မန်နေဂျာရာထူး ယူထားတဲ့ မင်းဘက်ကလည်း မင်းတာဝန်ကို သေသေချာချာယူတတ်အောင် အလုပ်နဲ့ ပတ်သက်တာတွေကို ကျွမ်းကျင်အောင် လေ့လာ။ ဒါမှ ဝန်ထမ်းတွေက မင်းကို မန်နေဂျာ တစ်ယောက်ဆိုတဲ့ အသိဝင်ပြီး လေးစားချင်တဲ့စိတ် ရှိလာမှာ ဟုတ်ပလား”

ဘီလူးသံပရာသီး စားလိုက်သလိုဖြစ်သွားတဲ့ အောင်မြတ်မင်းရဲ့ မျက်နှာကြီးက ဘကြီးပု ပြောသမျှ မှန်နေတယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်မှန်း ဝန်ထမ်းတွေအားလုံး   သိနေကြတာပေါ့။

***

သူ့အောက်ဝန်ထမ်းတွေကို ဖိဟောက်ဖိခိုင်းတတ်တဲ့ အတတ်ပညာသာမက သူဌေးတို့၊ အလုပ်လာအပ်တဲ့ လုပ်ငန်းပိုင်ရှင်တွေကို ဖော်လံဖားတဲ့ နေရာမှာလည်း   အောင်မြတ်မင်းက     အတော်ဆုံးလို့တောင် ပြောရင်ရနိုင်လိမ့်မယ်။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေဆီကို အဖားတော်ပြီး အောက်ကျို့တဲ့နေရာမှာ သူမတူအောင် အစွမ်းပြတတ်တဲ့ အောင်မြတ်မင်းကိုလွှတ်ပြီး အလုပ်တောင်းခိုင်းလိုက်ရင် အဲဒီအလုပ်က ရဖို့ တစ်ရာရာခိုင်နှုန်းအပြည့်ပဲ။ အောင်မြတ်မင်း ပုံနှိပ်စက်အလုပ်ထဲရောက်ချိန်၊ သုံးနှစ်ကျော်မှာတော့ လူမစွမ်းနတ်မဆိုတဲ့ စကားပုံကောင်းကောင်းလေးနဲ့ ဥပမာပေးရမလား၊ ဒါမှမဟုတ် ခွေးရူးကောင်းစား တစ်မွန်းတည့်ဆိုပြီး စကားပုံ ခပ်ရိုင်းရိုင်းသုံး ဥပမာပေးရမလားမသိ၊ လက်မလည်အောင် ပုံနှိပ်စက်အလုပ်တွေ ပိုကောင်းလာတယ်။ ဆေးကုမ္ပဏီအကြီးတွေ၊ နာမည်ကြီးအင်္ကျီတံဆိပ်တွေက ပုံနှိပ်နဲ့ ပတ်သက်သမျှ အလုပ်တွေ ရလာခဲ့တယ်။

 ရုံးမှာ သူ့အောက်ကလူတွေနဲ့ ပြောဆိုတိုင်း မျက်နှာမာ၊ အသံပြာသလောက် အပေါ်ပိုင်းကို   တွေ့ချိန်တိုင်း ပျော့ပျောင်းတဲ့အသံ၊ ဒူးထောက်မတတ် ရိုကျိုးတဲ့အမူအရာတွေ လုပ်နေတာကို မြင်တွေ့နေတဲ့ အောင်မြတ်မင်း အပြင်ထွက်ရင် ကားမောင်းပြီး လိုက်ပို့ပေးရတဲ့ စည်သူက ကာယကံရှင်အောင်မြတ်မင်းအစား ရှက်လိုက်တာဗျာ ဆိုတဲ့ ပြောစကားတွေကို နားထောင်ရင်း ဝန်ထမ်းတွေအဖို့   အောင်မြတ်မင်းရဲ့   မောဟတဝေဝေမျက်နှာကြီးကို စိတ်ကူးထဲ မြင်မိနေကြတာပေါ့။ လုပ်ငန်းတစ်ခုပြီးတိုင်း အမြတ်ရဲ့ဆယ်ရာခိုင်နှုန်း သူ့မောင်ကိုပေးဖို့ ညွှန်ကြားတဲ့ မိန်းမစကားကို တစ်သဝေမတိမ်း ခေါင်းညိတ်တတ်တဲ့ သူဌေးကြောင့် လုပ်ငန်းတစ်ခုအပေါ် အမြတ်များ များ ဘယ်လိုရမလဲဆိုတဲ့ အတွေးကလွဲလို့ အောင်မြတ်မင်းရင်ထဲ တခြားဘာမှထည့် မထားခဲ့ဘူးလေ။ အဲဒီအချက်ကလည်း အောင်မြတ်မင်းရဲ့ဒေါသနဲ့ လောဘကို ပိုပြီး တောက်လောင်အောင် မီးထိုးပေးနေတော့တာပေါ့။

အလုပ်တစ်ခုအပ်ရင် ဘယ်လို စက္ကူအမျိုးအစားနဲ့ ရိုက်မယ်၊ အရွယ်အစား ဘယ်လောက်နဲ့ရိုက်မယ်၊ ဘယ်နှရောင် ရိုက်မယ်၊ အရေအတွက် ဘယ်လောက်ယူမယ်၊ ဘယ်နေ့ယူမယ်ဆိုတာတွေကို သိအောင်မေး။ အဲဒီအချက်အလက်တွေ အကုန်သိပြီးမှ ပုံနှိပ်ခဈေးကို တွက်ဆိုပြီး အောင်မြတ်မင်းကို ဘကြီးပုနဲ့ ကိုစိုးဝင်းက အချိန်ရရင် ရသလို သင်ပြောပြောတဲ့အချက်တွေကို အောင်မြတ်မင်းက သူ့ရဲ့မှတ်တမ်းစာအုပ်ထဲမှာ လိုက်မှတ်ပြီး ကူးရေးထားလိုက်တယ်။

 အလုပ်အပ်သူတွေလာရင် သူမတွက်တတ်တာကို မတွက်တတ်ဘူးလို့ မပြောဘူး။ သူ့ရဲ့ မှတ်တမ်းစာအုပ်ကြီးကိုဖွင့် ဘကြီးပုတို့မေးခိုင်းတဲ့ အချက်တွေမေးပြီး သူ့ကိုယ်သူ ပုံနှိပ်စက်ကျွမ်းကျင် ပညာရှင်ပုံစံ ဖမ်းတော့တာပဲ။ တစ်ခါတလေ ကတ်စတန်မာက ချက်ချင်းတွက်ပေးဖို့ ပြောတာမျိုးနဲ့ကြုံရင် မရှုပ်တဲ့အလုပ်ကို ရှုပ်အောင်လုပ်ရင်း   နောက်နေ့မှ ဖုန်းပြန်ဆက်ဖို့ပြောပြီး ပြန်လွှတ်လိုက်တယ်လေ။ နောက်မှ ဘကြီးပုနဲ့ ကိုစိုးဝင်းတို့ကို တွက်ခိုင်းပြီး သူတွက်ထားသလိုမျိုးနဲ့ ကတ်စတန်မာကို ရွှန်းရွှန်းဝေအောင် ဖုန်းဆက်ပြောတော့တာပဲ။အဲဒါတွေက အောင်မြတ်မင်း ပုံနှိပ်စက်ကို ရောက်ခဲ့ချိန်ကနေ အခုအချိန်ထိ ဖြစ်နေခဲ့တဲ့ အဖြစ်အပျက်တွေပါ။

***

အခုလည်း စက်ခန်းထဲဝင်လာပြီး သူ့ရဲ့အသံပြာပြာကြီးနဲ့ အော်ဟစ်နေတာကို ကြားနေရပြန်တယ်။

“လောဘလည်းမရှိဘူး၊ ဒေါသလည်း မရှိဘူး၊ ဘယ်လိုလုပ် ကြီးပွားမှာလဲ၊ သေအောင်လုပ် လုပ်တာပဲ ရှိမှာ၊ ဟေ့ ကိုစိုးဝင်း လာဦး”

ညနေလာယူဖို့ ပြောထားတဲ့ ဌာနဆိုင်ရာဖိတ်စာ ရွှေနင်းဖို့ အပြင်မှာအပ်ထားတာ အချိန်မီမရလာလို့ ကျယ်ကျယ်လောင်လောင် စကားသံနဲ့ ပေါက်ကွဲနေတဲ့အောင်မြတ်မင်း ရဲ့   အသံကို တစ်ရုံးလုံးကြားနေရတယ်။ ဌာနဆိုင်ရာဖိတ်စာဆိုတာ လူကြီးပိုင်းတွေကို ဖိတ်ရမှာဆိုတော့ အချိန်အတိအကျ လုပ်မပေးနိုင်ရင် ဖြစ်လာမယ့် ပြဿနာက မိုးမီးလောင်တာထက် ပိုဆိုးမှာ။ ပြီးတော့လည်း ဒီအလုပ်က သူဌေးနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေက အပ်ထားတာဆိုတော့ အချိန်မီမပြီးလို့ မျက်နှာကောင်း မရမှာကို မျက်နှာလိုမျက်နှာရ အောင်မြတ်မင်းက သူ့ အသက်သေမှာထက်   ကြောက်တယ်လေ။

 ဟိုးအစောကြီးက သူတို့ရိုက်ချင်တဲ့ ဖိတ်စ နမူနာကိုကြည့်ပြီး ရွှေရောင်ဖောင်းကြွနင်းရင် ပထမအဆင့် ဇင့်အဖိုအမ တစ်စုံလုပ်ရမယ်။ အဲဒါက တစ်ရက်၊ နှစ်ရက်တော့ အနည်းဆုံးကြာမယ်။ ပြီးတော့ ဇင့်လုပ်ပြီးလို့ ရွှေရောင်နင်း   ပြန်ဖောင်းတာကလည်း အမြန်နှုန်းနဲ့ လုပ်ရင်တောင် နေ့တစ်ဝက် ဒါမှမဟုတ် တစ်နေ့လောက်တော့ ထပ် ကြာလိမ့်မယ်။ ဖိတ်စာက လုပ်ပေးရမယ့်အဆင့်တွေ များတဲ့အပြင်၊ အပြင်က   ရွှေဖိစက်ကို အားကိုးရမယ့် အနေအထားကြောင့် အချိန်မီမပြီ နိုင်ဘူးဆိုတဲ့အကြောင်းနဲ့ ကိုယ့်ဘက်က အချိန်မီရနိုင်အောင်လုပ်ပေးနိုင်တဲ့ ကိုယ့်စက်မှာပဲ ရွှေရောင်ပုံနှိပ်ဆေးနဲ့ရိုက်ဖို့ ဘကြီးပုက အောင်မြတ်မင်းကို ပြောပြထားခဲ့တယ်။

ဒါပေမဲ့ မျက်နှာလုပ်ချင်တဲ့ အောင်မြတ်မင်းက ရအောင်လုပ်မယ်ဆိုပြီး ဝင်ဖားလိုက်တာမို့ ဘာမှ မပြောသာတော့ဘူးပေါ့။ လုပ်ငန်းကျွမ်းကျင်တဲ့ ဘကြီးပုစကားကို ဥပေက္ခာပြုပြီး သိသလိုတတ်သလိုနဲ့ ကိုယ့်အခက်အခဲကို ဘာမှပြန်မရှင်း ဘဲအပေါ်ကခိုင်းတိုင်း   ခေါင်းညိတ်တတ်တဲ့ မျက်နှာလိုမျက်နှာရစိတ်ကြောင့် ဖော်လံဖားအောင်မြတ်မင်း တစ်ယောက် အခုတော့ ဗျာများနေရပြီပေါ့။

 “ကိုစိုးဝင်း အခုရိုက်လက်စ ကျောက်ကျောစက္ကူဘူးတွေကို စက်က ဖြုတ်ချလိုက်၊ ပြီးရင် ကျုပ်ပြန်ယူလာတဲ့ ဖိတ်စာတွေကို ရွှေရောင်ရိုက်ဖို့ပြင်တော့၊ ဟန်မြင့်ကားထဲက ဖိတ်စာတွေကို ဖူဂျီ(၅၈)စက်နား သွားချ မြန်မြန်နော် မြန်မြန်၊   ရွှေဖိတဲ့ ဆိုင်ကတော့ တော်တော်ကြီးပွားဦးမယ်၊ ပိုက်ဆံနှစ်ဆ ပေးမယ်ဆိုတာတောင် မဖြစ်နိုင်ဘူးတဲ့၊ လောဘကုန်နေကြတဲ့လူတွေ၊ မခံချင်အောင် ပြောတော့လည်း စိတ်မဆိုးကြဘူး၊ ဒေါသမရှိ လောဘမရှိမှတော့ ဘယ်လိုလုပ် ချမ်းချမ်းသာသာ နေနိုင်ကြ မှာလဲ၊ အဲဒါကြောင့် သူတို့ဘဝတွေ ဆင်းရဲတွင်းထဲကကို မထွက်နိုင်ကြတာ၊ ဟေ့လူ ကိုစိုးဝင်း ခင်ဗျားက ဒီမှာ ဘာကြောင်ပြီး ရပ်နေတာလဲ၊ ရွှေရောင်ရိုက်ဖို့ လုပ်လေ.. သွား”

“ ရွှေရောင်ရိုက်တာက ဟုတ်ပါပြီ၊ အဲဒီ ရွှေရောင်ရိုက်ဖို့ ဘယ်မှာလဲ ဖလင်၊ ရိုက်မယ့်ဒီဇိုင်းကို ဖလင်ထုတ်ပေးမှ ရိုက်လို့ရမှာလေ”

 ကိုစိုးဝင်းစကားအဆုံးမှာ အောင်မြတ်မင်း သူ့နဖူးကိုသူ ရိုက်လိုက်ရင်း ကုလားထိုင်ပေါ်မှာ အရုပ်ကြိုးပြတ် ဖြစ်သွားတော့တာပေါ့။ အဲဒီအချိန်မှာပဲ စားပွဲပေါ်က တယ်လီဖုန်းမြည် လာလို့ အောင်မြတ်မင်းက ခေါင်းဆတ်ပြီး ကိုစိုးဝင်းကို ကိုင်ခိုင်းလိုက်တယ်။

“ဟယ်လို အမိန့်ရှိပါခင်ဗျာ ဟုတ်ကဲ့ ဟုတ်ပါတယ်၊ သူဌေးဆက်တာ…   အောင်မြတ်မင်းနဲ့   ပြောချင်လို့တဲ့”

 ကိုစိုးဝင်းက ဖုန်းခွက်ကို အောင်မြတ်မင်းဆီ လှမ်းပေးရင်း ပြောလိုက်တယ်။ သူဌေးပြောသမျှကို ခေါင်းတညိတ်ညိတ်လုပ် ရိုကျိုးအောက်ကျို့သံအပြည့်နဲ့ ပြန်ဖြေသံက ခုနက သူ့ကို အော်ဟစ်ပြောနေတဲ့ အသံနဲ့ တခြားစီဖြစ်သွားတဲ့   အောင်မြတ်မင်းကို ကြည့်ရင်း ကိုစိုးဝင်းစိတ်ထဲ စားဖားအကောင်ကြီးတစ်ကောင်ကို မဆီမဆိုင် သွားမြင်နေမိတယ်။

“ဟုတ်ကဲ့ အစ်ကိုကြီး ပြောပါခင်ဗျ၊ မပြီးသေးဘူး အစ်ကိုကြီး၊ ရွှေရောင်နင်းဖို့ ကျန်နေသေးတာပါ။ ခင်ဗျာ.. ညနေ ၅ နာရီလောက် လိုချင်တာလား၊ နေပြည်တော်ကို ကားကြုံရှိလို့ ထည့်ပေးလိုက်ဖို့… ဟုတ်ကဲ့၊ ကျွန်တော် ကြိုးစားကြည့်လိုက်ပါ့မယ်၊ မရလို့မဖြစ်ဘူး.. ဟုတ်ကဲ့.. ဟုတ်ကဲ့… ရအောင် လုပ်ပို့ပေးလိုက်ပါ့မယ်၊ ဟုတ်ကဲ့ ဟုတ်ကဲ့… ဝူး”

ဖုန်းပြောလို့ ပြီးသွားပေမယ့် ဘာဆက်လုပ်ရမှန်း မသိတဲ့ပုံနဲ့ ဖုန်းခွက်ကိုင်ထားရင်း ဝူးခနဲသက်ပြင်းချ ခေါင်းကုတ်နေတဲ့ အောင်မြတ်မင်းကို ဆက်ကြည့်မနေချင်တာနဲ့ စက်နောက်ကြည့်လှအေး မင်ခွက်ဆေးတာ ပြောင်မပြောင်ကြည့်ဖို့ ကိုစိုးဝင်း ဖူဂျီ ၅၈စက်ဘက်ကို ထွက်လာခဲ့လိုက်တယ်။ လှအေးက မင်ခွက် ဆေးတာပြီးလို့ ထမင်းစားဖို့ တောင် အဆင်သင့်စောင့်နေပြီလေ။ ကိုစိုးဝင်းလည်း သူ့ထမင်းဘူးကိုဖွင့်ပြီး ဝင်စားဖို့ပြင်လိုက်တယ်။ အဲဒီအချိန် မှာပဲ …

“အောင်မြတ်မင်း.. အောင်မြတ်မင်း… ဟေ့..ဖလင်ထုတ်ဖို့ သွားမယ်၊ အောင်မြတ်မင်းရေ”

လက်တစ်ဖက်က ကားသော့ ကိုင်ထားရင်း ကျန်လက်တစ်ဖက်နဲ့ စည်သူကိုကြည့်ပြီး လက်ယပ်ခေါ်နေတဲ့ အောင်မြတ်မင်းကို ထမင်းစားနေကြတဲ့ ဝန်ထမ်းတွေအားလုံး နား မလည်သလို ဝိုင်းကြည့်နေမိတယ်။ သူ့ကိုခေါ်နေပေမယ့် သူ့နာမည် မဟုတ်တော့ အခေါ်ခံရတဲ့ စည်သူခမျာ ကြောင်တောင်တောင် ဖြစ်နေတော့တာပေါ့။   အောင်မြတ်မင်းကတော့ အဲဒါကို သတိထားမိပုံ မပေါ်ပါဘူး။ သူ့နာမည်ကိုပဲ သူကိုယ်တိုင် ပြန်ခေါ်နေတယ်။

“ အောင်မြတ်မင်း.. လာ.. မြန်မြန်သွားမယ်”

 အဲဒီမှာ စည်သူခမျာလည်း သူ့ကိုကြည့်ပြီး လက်ယပ်ခေါ်နေတဲ့ အောင်မြတ်မင်းကို နားမလည်သလို ပုံစံနဲ့ ပြန်ကြည့်နေရင်း …

“ကိုအောင်မြတ်မင်း.. ကိုအောင်မြတ်မင်း… ကျွန်တော်က စည်သူ၊ အောင်မြတ်မင်းက အစ်ကိုလေ၊ ခေါ်တာ မှားနေပြီဗျ”

စည်သူရဲ့ ပြန်ပြောစကားကို ကြားတော့မှ အောင်မြတ်မင်း ရုတ်တရက် သတိရသလို   ဖြစ်သွားတယ်။ ပြီးမှ …

“စကားမရှည်နဲ့ လာမြန်မြန်” ဆိုပြီး အရှက်ပြေမျက်နှာနဲ့ ရုံးခန်းအပြင်က ကားဆီကို မပြေးရုံတမည် အောင်မြတ်မင်းတစ်ယောက် ခပ်သွက်သွက် ထွက်သွားတော့တာပဲ။ တစ်ခုခုကို သဘောပေါက်သလိုနဲ့ ခေါင်းတညိတ်ညိတ်လုပ်နေတဲ့ ဘကြီးပုကိုလည်း ကိုစိုးဝင်းတွေ့လိုက်ရတယ်။

***

“အဟမ်း..အသိအလိမ္မာ ဥာဏ်ပညာမရှိသူဟာ အသိအလိမ္မာ ဥာဏ်ပညာမရှိမှန်းသိရင် အသိအလိမ္မာဥာဏ်ပညာရှိသူ ဖြစ်လာနိုင်တယ်။ အသိအလိမ္မာဥာဏ်ပညာ မရှိဘဲနဲ့ ရှိသူဟုထင်နေရင် အဲဒီလူဟာ လူမိုက်လို့ ဓမ္မပဒရဲ့ပဏ္ဍိဘေဒက စောရဝတ္ထုမှာဖတ်ဖူးလို့ မှတ်ထားခဲ့ဖူးတယ်။ နောက် အကုသိုလ်ဟိတ်ကြီး ၃ပါးဖြစ်တဲ့ လိုချင်မက်မောခြင်း   လောဘ၊ အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေမသိထိုင်းမှိုင်းခြင်း မောဟ၊ အဲဒီ ၃ ပါး ကြီးလွန်းသူဟာ ကိုယ်တိုင်ရော အနီးပတ်ဝန်းကျင်က လူတွေကိုပါ ပူလောင်စေတယ်တဲ့”

 ဘကြီးပုနဲ့ နေ့လယ်ဘက် လက်ဖက်ရည်သောက်ရင်း ဟိုအကြောင်းဒီအကြောင်း   ပြောရင်းကနေ ထမင်းစားချိန်တုန်းက အောင်မြတ်မင်း ကိုယ့်နာမည်ကိုယ် ပြန်ခေါ်မိတဲ့ အကြောင်းကို စကားရောက်သွားတယ်။ အဲဒီမှာ ဘာလို့ကိုယ့်နာမည်ကိုယ်တောင်မေ့ပြီး သူများကို ကိုယ့်နာမည်ခေါ်လောက်အောင် ဖြစ်သွားတာလဲဟင်လို့   မေးလိုက်တဲ့ ဟန်မြင့်ရဲ့အမေးကို ဘကြီးပုက တရားသဘောနဲ့ ယှဉ်ပြီး ရှင်းပြဖို့   ချောင်းတစ်ချက် ဟန့်ရင်း အပေါ်ကအတိုင်း စကားစလိုက်တာပါ။ ဝိုင်းထိုင်သောက်နေကြတဲ့ ကိုစိုးဝင်းနဲ့ စက်သမားလူငယ်လေးတွေ အားလုံးရဲ့ အာရုံကလည်း ဘကြီးပုဆီ ရောက်နေကြတာပေါ့။

“အောင်မြတ်မင်းဖြစ်တာက အသိအလိမ္မာ ဥာဏ်ပညာမရှိတာကို ရှိတယ်လို့ထင်တဲ့ ပထမအချက်နဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်ဟိတ်ကြီး ၃ပါး သူ့ရင်ထဲ အတော်များများ ထည့်ထားမိတဲ့ ဒုတိယအချက်၊ အေး ..အဲဒီ အချက်နှစ်ချက်   ပေါင်းစပ်မိသွားတာကြောင့်ပေါ့။ အဲဒီလို ပေါင်းစပ်မိလိုက်ချိန်တွေမှာ ခန္ဓာကိုယ်အတွင်း စိတ်ရဲ့ ပူလောင်စေခြင်းက အရှိန်အမြင့်ဆုံး ဖြစ်သွားတတ်ကြတယ်လေ။ ဘယ်သူမဆို အဲလိုအချိန်မျိုးတွေမှာ နေ့လယ်ပိုင်းက အောင်မြတ်မင်းဖြစ်သလို ကိုယ့်နာမည်တောင် ကိုယ်မေ့ပြီး ကိုယ့်ကိုယ်ကိုယ် ပျောက်သွားတတ်ကြမှာပဲ”

ဘကြီးပုက ပြောလက်စကို အသာရပ်ပြီး လက်ဖက်ရည်စားပွဲပေါ်က   အေးစက်နေပြီဖြစ်တဲ့ ရေနွေးကြမ်းခွက်ကို မော့သောက် လိုက်တယ်။ ပြီးမှ …

“လောကကြီးမှာ သေဆုံးပြီးချိန် ဘယ်လောက်ကြာကြာ လူတိုင်းရင်ထဲ မမေ့ပျောက်နိုင်တဲ့ လူတွေရှိသလို၊ မသေခင်အချိန် အသက်ရှင်ရက် ရှိနေပေမယ့် ပတ်ဝန်းကျင်က ကိုယ် ထိတွေ့ဆက်ဆံနေရတဲ့ လူတွေရဲ့စိတ်ထဲ ဖျောက်ထားတတ် ပျောက် သွားတတ်တဲ့   အောင်မြတ်မင်းလို လူတွေရှိနေတတ်ကြတယ်။ အင်း.. မင်းတို့တွေကို ဘကြီး အဓိကပြော ချင်တာက လောကကြီးမှာ အသက်ရှင်နေထိုင်စဉ်အတွင်းနဲ့ လောကကြီးကနေ အသက်သေဆုံး ထွက်ခွာသွားရတဲ့အချိန်ထိ ကိုယ်ကိုယ်တိုင်ကရော ပတ်ဝန်းကျင်ကပါ ကိုယ်ပျောက်လူတွေအဖြစ် ကိုယ့်ကို သတ်မှတ်စေနိုင်တဲ့ အမူအကျင့်၊  စိတ်ဓာတ်မျိုး ဘယ်တော့မှ မရှိစေဖို့ ကြိုးစားကြရမယ်၊ ဟုတ်ပလား”

စကားအဆုံးမှာ ကိုစိုးဝင်း အပါအဝင် စက်သမားလူငယ်တွေရဲ့ တညီတညာတည်း ညိတ် လိုက်တဲ့ ခေါင်းတွေဟာ တကယ်ကို စိတ်ပါလက်ပါ ရင်ထဲကလာတဲ့   ခေါင်းညိတ်မှုတွေ ဖြစ်ပါစေလို့ ဘကြီးပုတစ်ယောက် စိတ်ထဲကနေ တိတ်တိတ်လေး ဆုတောင်းနေမိတော့တာပေါ့။

***

ရတီမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၂ ခုနှစ်

ညိုရင့်
AMK Creation

 

 

မဟေသီမဂ္ဂဇင်း၊ ဧပြီလ၊ ၂၀၁၁ ခုနှစ်

ညိုရင့်
AMK Creation

AMK Creationမှစီစဉ်သည့် Bloggers များ၏စာအုပ်များ

ယနေ့အတွက်

ဧည့်မှတ်တမ်း

free counters

Copyright © 2009 AMK Creation.

Powered by Wordpress. Theme by One Theme Per month.